အနုပညာလောကမှာ သရုပ်ဆောင်တယောက် အနေနဲ့သာမက တေးသီချင်း သီဆိုမှုအပိုင်းမှာပါ ကိုယ်ပိုင်ကြိုးစားမှုနဲ့ လျှောက်လှမ်းခဲ့တဲ့ သရုပ်ဆောင်၊ အဆိုတော် မင်းသွေးဟာ အောက်တိုဘာ ၃ ရက်နေ့၊ ညပိုင်းအချိန်မှာ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါတယ်။
သေဆုံးချိန်မှာ မင်းသွေးဟာ အသက် ၃၃နှစ် ရှိပြီဖြစ်ပြီး သူနဲ့ ပတ်သက်ပြီး အနုပညာရှင်များက မင်းသွေး ကွန်လွယ်မှုအပေါ် ဝမ်းနည်းစကားများ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာများမှာ ရေးသားခဲ့ကြပါတယ်။
အနုပညာ ကြယ်တပွင့် မင်းသွေးအတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားများကို စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ကိုဝေမင်းမောင် (Media 7)
“အမှတ်တရတွေ များလွန်းတော့ ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ရုံးမှာအမြဲနီးပါး ရှိနေတတ်တဲ့ သူငယ်ချင်း။ အရမ်းသတိရနေမှာပါ။ အနိုင်ပိုင်း လွန်းတယ်ကွာ”
ဒါရိုက်တာ ကိုပေါက်
“လွမ်းလို့ ကျန်နေဦးမယ် ညီလေးရေ။ ကျနော် မသိစိတ်ကနေ ညီလေးရယ်၊ ညီလေးရယ် ဆိုပြီးခေါ်နေတာ။ သူက မကြားဘူးလေ။ အေးလေ သူမောနေရှာမှာပေါ့။ နားပါစေ။ သူကလေ ဘောလုံးကန်ရင် စိတ်ရော ကိုယ်ရော အားထည့်ပြီး ကန်တတ်တဲ့သူမျိုးပါ။ ဝင်လိုက် နားလိုက်၊ ဝင်လိုက် နားလိုက် မကန်တတ်ဘူး။ တခါတည်း အကုန် ကန်တတ်တဲ့ လူမျိူ းလေ။ ကမ္ဘာအေးဘုရားနားမှာ ညပိုင်း ဖူဆယ်သွားကန်ကြတာတဲ့လေ။ စင်ကာပူက ပြန်ရောက်ပြီး ဘောကန်ဖို့ ချိန်းကြတာတဲ့။ သူအကြောင်းကြာနေရတယ်”
“ကျနော် သူ့ကိုကြည့်မြဲ ကြည့်နေမိတယ်။ သူအိပ်နေတာပါ။ ကျနော် ကြည့်နေရင်းကနေ ရှေ့ကို တိုးသွားတယ်။သူနားလေးရောက်သည်အထိပေါ့။ ပြီးတော့ သူ့နဖူးလေးကို ညာဖက် လက်ကလေးနဲ့ အုပ်လိုက်တယ်။ သေချာပါတယ် သူအိပ်နေတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သူအသားတွေက နွေးနေတုန်းလေ။ ဘယ်သူသေတယ်လို့ ပြောတာလဲ။ အသားတွေက လူကောင်းအတိုင်း နွေးနေတဲ့ဥစ္စာ။ ဘောလုံးကန်ထားလို့ မောပြီးနားနေတာပါ။ ကျနော်က သူ့နဖူးလေး ကိုင်ထားရင်း မျက်ရည်တွေ ဝဲလာတယ်။ ကျခါနီးသည်အထိပေါ့။ ခဏနေတော့ သူအိပ်နေတဲ့ကုတင်ကို
ကိုဝေဠုကျော်နဲ့ အတူ ဆေးရုံက လူတွေက တွန်းပြီးထွက်သွားကြတယ်”
“တဖြည်းဖြည်းနဲ့ သူတို့တွေ ဝေးသွားတယ်။ နောက်ဆုံး အဲဒီလမ်းလေးမှာ ဘယ်သူမှ မရှိတော့ဘူး။ မှောင်လို့ မဲလို့ပေါ့။ ဘယ်သူမှ မမြင်ရတော့တဲ့ အဲ့ဒီလမ်းလေးကို ဘာမှလည်းမမြင်ရတော့ဘဲ ကျနော် ငေးကြည့်နေမိတုန်း။ ညီလေးရေ မင်းကို အစ်ကိုတို့ လွမ်းနေမယ်နော်” လို့ ဒါရိုက်တာကိုပေါက်က သူ့ရဲ့ Facebook မှာ ဝမ်းနည်းစကား ဆိုထားပါတယ်။
ဒါရိုက်တာ ကိုပေါက်နဲ့လည်း ဇာတ်ကားတွေ အတူ တွဲဖက်ရိုက်ခဲ့ဖူးတဲ့ မင်းသွေးဟာ ယခုနှစ်အတွင်းမှာလည်း ကိုပေါက် ရိုက်ကူးတဲ့ Hwuwei နဲ့ အတူ “ရင်ခုန်သံရှူမျှော်ခင်း” ခရီးသွားမှတ်တမ်း အစီအစဉ်မှာလည်း ပါဝင် ရိုက်ကူးခဲ့ပါတယ်။
စံရတီမိုးမြင့်
“အခုထိ မယုံသေးတာ အရမ်းစောလွန်းတယ်။ ညီမတွေကို အမြဲစနာက်ပြီး ချစ်ရတဲ့အစ်ကို အိမ်မက် မဟုတ်မှန်း သိပေမယ့် အိမ်မက်ဆို ဘယ်လောက်ကောင်းမလဲ ငါ့အစ်ကိုရယ်”
မိုးယံဇွန်
“အနုပညာလောကထဲမှာ တကယ်ကိုစိတ်ရင်းနဲ့ ညီအကိုလို အရမ်းချစ်အရမ်းခင်တာ လက်ဆယ်ချောင်း မပြည့်ပါဘူး။ အဲဒီထဲမှာ မင်းပါတယ်လေ။ ဝါသနာပါတဲ့အနုပညာနဲ့ ပရိသတ်တွေကိုဖျော်ဖြေရင်း အသက်အရွယ် အတိုင်းအတာ တခုထိ လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင် နေကြအုံးမှာလေ ဘာလို့များ အခုလိုအစောကြီး ခွဲသွားတာလဲကွာ”
ထူးခြား
“ကျနော်သူများတင်တဲ့ ပို့စ်အောက်မှာ ကောမန့်ပေးခဲတယ်။ (ပျင်းလို့ပါ) ဒါပေမယ့် ဒီနေ့ ရှုတင်မှာ Facebook သုံးရင်း မင်းသွေး Live လွှင့်နေတာနဲ့ တန်းတိုးလို့ ဦးလေး LTNS လို့ဝင်ရေးလိုက်တယ်။ သူကလည်းသိပ်မကြာဘူး။ လောင်းတိုင်းနိုးစီး ဆိုပြီး ဦးထူးခြား ကျနော်ပြန်လာရင် ဖုန်းဆက်မယ်။ ပြောစရာတွေရှိတယ်လို့ ပြန်ပြောတော့ ကျနော် OK လို့ ထပ်ရေးလိုက်တယ်။ ပြီးတော့ သူတခြား ကောမန့်တွေဖတ် ၊ ရခိုင်လိုတွေ ပြန်ပြောနေ ၊ အဲဒါနဲ့ ကျနော်တခြားပို့စ်တွေ ဆက်သွား ကြည့်တယ်ပေါ့။ တကယ်ခံစားရတယ်။ ဘာကြီးမှန်းကိုမသိဘူး။ ငါငိုမိတယ်။ ညီလေးရယ်။ အရမ်းဖြူစင်တဲ့ စိတ်ထားလေးတခု ပိုင်ဆိုင်ထားတဲ့ ငါ့ညီလေး ကောင်းရာသုဂတိလားပါစေ”