မင်းသမီး Fan Bingbing ရဲ့ အခွန်ရှောင်အရှုပ်တော်ပုံ ကိစ္စရပ်ကြောင့် တရုတ်အနုပညာလောကမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ပြီး အာဏာပိုင်တွေကလည်း အခြားအနုပညာရှင်တွေကိုပဲ အနီးကပ် စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ သိရပါတယ်။
အနုပညာရှင် တော်တော်များများကလည်း ရုပ်သံအစီအစဉ်တွေမှာ အစီအစဉ် တင်ဆက်သူ၊ ဧည့်သည်တွေအဖြစ် ပါဝင်လှုပ်ရှားတာတွေ ရှိနေပါတယ်။ အဲဒီအထဲက အစီအစဉ်တခုကတော့ “Chinese Restaurant 2” အစီအစဉ်ဖြစ်တယ်လို့ မီဒီယာ သတင်းထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။
Hunan ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတဲ့ အဲဒီ ကဏ္ဍစုံအစီအစဉ်မှာတော့ တရုတ်မင်းသမီး Vicky Zhao နဲ့ ထိုင်ဝမ်မင်းသမီး Shu Qi (ရှုကြည်)၊ မင်းသား Alec Su တို့က ပုံမှန်ဧည့်သည်အဖြစ် ပါဝင်နေပါတယ်။
သူတို့ ၃ ဦးဟာ အဲဒီအစီအစဉ် ဒုတိယမြောက် Season အတွက် ယွမ်ငွေ သန်း ၅၀ စီ (စင်ကာပူဒေါ်လာ ၁၀ သန်း) ရရှိထားတယ်လို့ ထိုင်ဝမ်မီဒီယာတွေမှာ ဆိုပါတယ်။ တရုတ်အစိုးရက ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်အသစ် တွေကြောင့် ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ကြတဲ့ အနုပညာရှင်တွေဟာ Season တခုကို ယွမ် ၁၀ သန်း (စင်ကာပူဒေါ်လာ ၂ သန်း) ထက် ကျော်လွန်ရရှိတော့မှာ မဟုတ်ပါဘူး။
သတင်းရင်းမြစ်တွေရဲ့အဆိုအရ အထက်ဖော်ပြပါ မင်းသမီး နှစ်ဦးအနေနဲ့ သူတို့ရရှိထားတဲ့ အနုပညာကြေးတွေ ထဲကနေ စင်ကာပူဒေါ်လာ ၈ သန်းပြန်ပေးရမယ်လို့ အမျိုးသားရေဒီယိုနဲ့ ရုပ်သံစီမံခန့်ခွဲရေး ဌာနက အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦးထဲက မင်းသမီး Zhao ဟာ တုံ့ဆိုင်းမှုမရှိဘဲ ပြန်ပေးခဲ့ပေမယ့် မင်းသမီး Shu Qi ကတော့ နည်းနည်းတွန့်ဆုတ် နေခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာလရှည်ရင်းနှီးခဲ့တဲ့ မင်းသမီး Zhao က ငွေပြန်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သတင်းရင်းမြစ်တွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် တရုတ်အဆိုတော် Faye Wong ကလည်း Phantacity ဆိုတဲ့ ပြိုင်ပွဲအစီအစဉ်မှာ ပါဝင်ခဲ့ပြီးနောက် ယွမ်သန်း ၃၀၀ ရရှိခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တဲ့အတွက် စုံစမ်းစစ်ဆေးခံရဖို့ ပစ်မှတ်တခုဖြစ်လာတယ်လို့ မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အဆိုတော် Wong ကတော့ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကြေညာချက် တစုံတရာ မထုတ်ပြန်သလို မင်းသမီး Shu Qi ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကလည်း မီဒီယာတွေရဲ့ အမေးကို ပြန်မဖြေပါဘူး။ အောက်တိုဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တခုထဲမှာဆိုရင်တော့ တရုတ်နိုင်ငံတော်အခွန် စီမံခန့်ခွဲရေးဌာနက မင်းသမီး Fan Bingbing အနေနဲ့ အခွန်၊ ဒဏ်ငွေနဲ့ ရက်လွန်အဖိုးအခတွေအဖြစ် ယွမ်ငွေ သန်း ၈၀၀ ကျော်ပေးဆောင်ရမယ်လို့ ကြေညာခဲ့ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အခွန်ရှောင်မှုကြောင့် တရုတ်မင်းသမီး Fan Bingbing ယွမ်ငွေ သန်းနဲ့ချီပြီး ဒဏ်တပ်ခံရ
Ref: asiaone