လူမှုကွန်ရက် Facebook စာမျက်နှာပေါ်မှာ Sexy ကျကျ အလှပုံများ တင်ရာကနေတဆင့် အမျိုးသား ပရိသတ်ထုကြီးရဲ့ တခဲနက် အားပေးဝန်းရံမှုကို ရရှိထားတဲ့ ကချင်မော်ဒယ် လုလုအောင်ဟာ ၂၀၀၄ ခုနှစ်လောက်မှာ မော်ဒယ်အဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ယခုနှစ်တွေ အတွင်းမှာ ပြန်လည် ရေပန်းစားလာသူပါ။
“အရင်ကလည်း ဒီလိုဖြစ်အာင် အထူးတလည် ကြိုးစားတာ မဟုတ်ဘူး။ ပရိသတ်တွေကလည်း ချစ်တယ်။ ဘုရားရဲ့ကျေးဇူးတော်ကြောင့် မထင်မှတ်ပဲ အားပေးခဲ့ကြတယ်။ ဒါပေမဲ့ ကိုယ်ကလည်း ကလေးတဖက်နဲ့ ဆိုတော့ အခွင့်အရေးကို လိုက်မရှာဖြစ်ဘူး။ ကိုယ့်ဆီ ရောက်လာတဲ့ အခွင့်အရေးတွေကိုပဲ ကိုယ်က ကြိုးစားခဲ့တာပေါ့” လို့ လုလုအောင်က ပြောပါတယ်။
ဆက်လက်ပြီး သူက “ဇာတ်လမ်းတွေ ရိုက်ကူးဖို့ ကမ်းလှမ်းတာတွေလည်း ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က အဲဒီလို သရုပ်ဆောင်ဖို့ သတ္တိ မရှိဘူးရော။ ရုပ်ရှင်တွေတော့ ကြည့်ဖြစ်တယ်။ ပရိသတ်လုပ်ဖို့ပဲ ဝါသနာပါတယ်”လို့ ဆိုပါတယ်။
ဆက်လက် လုပ်ဖြစ်မယ့် အနုပညာ လှုပ်ရှားမှုတွေအကြောင်းကိုလည်း လုလုအောင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ကိုယ့်ဆီမှာရောက်လာမယ့် အခွင့်အရေးကိုပဲ ကောင်းကောင်းလေး လုပ်လိုက်မယ်ပေါ့။ အခုတော့ ဖိတ်ကြားတဲ့ ပွဲလေးတွေ တက်တယ်။ ကြော်ငြာတွေရိုက်တယ်။ ဓာတ်ပုံလေးတွေ ရိုက်တယ်။ ပို့စ် တင်တယ်ပေါ့။ အဲဒီလောက်ပါပဲ။”လို့ သူမက ဆိုပါတယ်။
Single Mother တဦးလည်း ဖြစ်တဲ့ ကချင်မော်ဒယ် လုလုအောင်က ကလေးတယောက် မိခင် ဆိုပေမယ့် အလှအပကို ထိန်းသိမ်းထားတဲ့ ပုံစံနဲ့ ပတ်သက်ပြီး “ခန္ဓာကိုယ် အလှအပ ထိန်းသိမ်း စောင့်ရှောက်လား ဆိုတော့လည်း ပေါ့ပေါ့ပါးပါးပါပဲ။ အရမ်းကြီးလည်း မလုပ်ဖြစ်ဘူး။ တပတ်မှာ ပုံမှန် ၃ ရက်လောက် ဆော့တယ်။ ညစာလေးနည်းနည်း လျှော့တယ်။ ဒီလောက်ပါပဲ”လို့ လုလုအောင်က ဆိုပါတယ်။
Sexy အလှဓာတ်ပုံတွေ တင်ရင်း အနုပညာလှုပ်ရှားမှုတွေပါ တဖက်တလမ်းက လုပ်ကိုင်နေတဲ့ လုလုအောင်က သူမရဲ့ ၁၁ နှစ် အရွယ် သမီးလေးအပေါ် ဘယ်လိုသဘောထားရှိလဲဆိုတဲ့ အမေးကို အခုလိုပဲ ဖြေပါတယ်။
“သူက အချိန်မရဘူး။ သွားချင်တဲ့နေရာကို လွတ်လွတ်လပ်လပ် ချက်ချင်း ထမသွားရဘူးပေါ့။ အမေကလည်း အရမ်း ဟော့ဟော့ရမ်းရမ်း ဖြစ်နေတာကို သူကသိပ်မကြိုက်ဘူး ထင်တယ်။ အဲဒီလောက်ပါပဲ။ ကျန်တာတော့ သူက သိပ်မပြောဘူး။ သူက အနုပညာလည်း လုံးဝ ဝါသနာ မပါဘူး။ ဓာတ်ပုံတောင် သိပ်မရိုက်ချင်ဘူး”လို့ သမီးလေးအကြောင်းကို လုလုအောင်က ပြောပြပါတယ်။
“အခုနောက်ပိုင်းက အသက်အရွယ်လည်း ရလာပြီဆိုတော့ အေးအေးဆေးဆေး နေချင်တဲ့ စိတ်ကလည်း ပိုများလာတယ်။ အဲဒါကြောင့်မို့ ခရီးတွေသွားတာတို့၊ အရမ်းပျော်ရွှင်တဲ့ အချိန်တွေ ကျရင်သာ ဓာတ်ပုံတွေရိုက်ဖြစ်၊ တင်ဖြစ်တော့တယ်”လို့လည်း လုလုအောင်က ဆိုပါတယ်။
အသက်အရွယ်ရော၊ အလှအပရော၊ အခွင့်အရေးတွေ ရှိနေတုန်းမှာ ပိုမလုပ်ချင်တော့တာက သမီးလေးကြောင့်လားဆိုတဲ့ အမေးကို လုလုအောင်က အခုလိုပဲ ဖြေပါတယ်။
“ကိုယ့်ဆီရောက်လာမယ့် အခွင့်အရေးလောက်ပဲ လုပ်ချင်တော့တယ်။ အရမ်းလည်း မလုပ်ချင်ဘူး ဆိုတာက အသက်လည်း ရလာပြီဆိုတော့ အေးအေးဆေးဆေးလည်း နေချင်သေးတယ်။ အပျင်းဖက်ကို ပိုရောက်နေတယ်။ သမီးလေးအတွက်တော့ တာဝန်ကျေတဲ့ အမေ ဖြစ်ချင်တာပေါ့။ အခုလို လှုပ်ရှားမှုတွေ နည်းသွားတာက သမီးလေးကြောင့်လည်း ပါတယ်။ ကိုယ်တိုင်လည်း နားချင်တာပါတယ်”လို့ လုလုအောင်က ဧရာဝတီကို ပြောပါတယ်။
ဆက်လက်ပြီး လုလုအောင် တင်တဲ့ ပို့စ်တွေမှာ တက်လာတဲ့ ရိုင်းရိုင်းစိုင်းစိုင်း Comment တွေနဲ့ ပတ်သက်ပြီး ဘယ်လို သဘောထားတယ်ဆိုတာကို လုလုအောင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။
“ရိုင်းစိုင်းတဲ့ Comment ကတော့ ပြောကြမှာပဲ။ လူက အမျိုးမျိုးပဲ။ Fake Account တွေလည်း ရှိတယ်လေနော်။ အဲဒီလိုဆိုတော့လည်း သူတို့ရေးတာ သူတို့ အခွင့်အရေးပဲလေ။ ကိုယ် သဘောမကျဘူးဆို ကျော်ဖတ်လိုက်တာပဲ”လို့ လုလုအောင်က ဆိုပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ဘဝကို ပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းနေသူ ကချင်မော်ဒယ် လုလုအောင်