ဒီတပတ် မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိထားပြီး ဒါရိုက်တာ Yanyong Kuruaungkoul ရိုက်ကူးထားတဲ့ Comedy, Fantasy, Music အမျိုးအစား ထိုင်းရုပ်ရှင် “Back to the 90s” ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Pimchanok Leuwisetpaiboon, Achita Pramoj Na Ayudhya နဲ့ Dan Aaron Ramnarong တို့အပြင် အခြားသော သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
Kong ဟာ ဖုန်းနဲ့ မျက်နှာနဲ့ မခွာတမ်း အသုံးပြုနေတတ်တဲ့ ဆယ်ကျော်သက် ကောင်လေး တယောက် ဖြစ်ပြီး အိမ်ပြန်လာတဲ့ လမ်းမှာ သူ့ဖုန်းဟာ ဆိုင်ကယ် တက္ကစီသမားတွေကြောင့် ပျက်စီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဖုန်းပျက်သွားလို့ ဘာမှလုပ်စရာ မရှိတဲ့အဆုံးမှာ သူ့အဖေရဲ့ စတိုခန်းထဲကနေ ပစ္စည်းအဟောင်းတွေကို မွှေနှောက်ရင်း ပစ္စည်းတခုကို သွားတွေ့ပါတော့တယ်။
အဲဒါကတော့ Pager အဟောင်းတလုံး ဖြစ်ပြီး သူ့အတွက်ကတော့ အသစ်အဆန်းတခုလို စိတ်ဝင်စားစရာတွေ ပြည့်နှက်နေခဲ့ပါတယ်။ အိမ်အောက်ထပ်မှာတော့ မင်္ဂလာနှစ်ပတ်လည်နေ့ကို အပြန်နောက်ကျလို့ သူ့အဖေနဲ့အမေဟာ စကားများ ရန်ဖြစ်နေကြပြီး Som ဆိုတဲ့ အမျိုးသမီးကြောင့် အခုလို ရန်ဖြစ်ကြတာပါ။
Kong ကပါ ဘာမဆိုင်ညာမဆိုင် သူ့အဖေကို အော်ဟစ်ပြီး အိမ်အပြင်ကို ပြေးထွက်လာပြီး သူ့သူငယ်ချင်း တယောက်ကို အမြန်လာခေါ်ဖို့ ပြောနေတုန်းမှာပဲ သူ့ဖုန်းဟာ ဘယ်လိုမှ ဆက်အသုံးပြုလို့ မရတော့ပါဘူး။ ဒီလိုနဲ့ လက်ထဲက Pager ဟာ ဖုန်းပြန်ခေါ်ဖို့ နံပါတ်တခုနဲ့ Message ဝင်လာပါတော့တယ်။
Kong လည်း နီးစပ်ရာ ဖုန်းရုံတခုထဲ ပြေးဝင်ပြီး Message ဝင်လာတဲ့နံပါတ်ကို ပြန်ခေါ်လိုက်တဲ့ အချိန်မှာတော့ လျှပ်စီးတချက် လက်သွားပြီး Kong လည်း ဖုန်းရုံထဲ လဲကျသွားပါတော့တယ်။ သူသတိရလာတဲ့အချိန်မှာတော့ သူဟာ လက်ရှိအချိန်ကာလမှာ ရှိနေတော့တာ မဟုတ်ဘဲ ၉၀ ခုနှစ်တွေဆီကို ပြန်လည် ရောက်ရှိသွားခဲ့ပါတယ်။
လွမ်းမောစရာတွေ၊ အမှတ်တရကောင်းတွေနဲ့ ပြည့်နှက်နေတဲ့ အဖြစ်အပျက်တွေကို ဒါရိုက်တာက တစုတဝေးတည်း ရိုက်ပြထားပြီး 90s born တွေအတွက် ပြန်လည် အမှတ်ရစရာတွေ ရရှိနိုင်မယ့် ကားပဲ ဖြစ်ပါတယ်။
IMDb rating (6.7) ရရှိထားတဲ့ ဇာတ်ကားကောင်းတကားမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။