Entertainment

“ကျမဆရာ အရင်းက မင်းသားကြီး ဦးကျော်ဟိန်းပါ”

သရုပ်ဆောင် ခွန်းဆင့်နေခြည်က သူမရဲ့ လက်ဦးဆရာဖြစ်တဲ့ ဦးကျော်ဟိန်းကို သတိတရရှိကာ ဘုန်းကြီး ဝတ်သွားတဲ့အတွက် ဆရာတယောက် ဆုံးရှုံးရသလို အခုချိန်ထိ အနုပညာလောကထဲမှ ာရှိနေသေးရင် ဆရာနဲ့ ပူးတွဲပြီး လုပ်လို့ရတဲ့ အနုပညာအလုပ်တွေ အများကြီးရှိတယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“ကျမက အနုပညာလုပ်ငန်း စရောက်ကတည်းက ကျမဆရာအရင်းက မင်းသားကြီး ဦးကျော်ဟိန်းပါ။ ကျမ ဗီဒီယိုကားတကားကို စရိုက်ပြီး ရောက်ရှိခဲ့တာပါ။ ဆရာက ကျမရဲ့ ဆရာဆိုလည်း ဟုတ်ပါတယ်။ သင်ဆရာ၊ ကြားဆရာ၊ မြင်ဆရာဆိုလည်း ဟုတ်ပါတယ်။ ဆရာဦးကျော်ဟိန်းက သူ့အနုပညာတွေကို ဆရာစားမချန် သင်ပေးခဲ့ပါတယ်” လို့ ခွန်းဆင့်နေခြည်က ဧရာဝတီကို ပြောပါတယ်။

“အရင် ဦးကျော်ဟိန်းနဲ့ စရိုက်တုန်းက အိုက်တင် မလုပ်တတ်ဘူး။ အဲ့တော့ ဆရာက “ခွန်းဆင့်နေခြည် နင့်ကိုရိုက်ရတာ ကျောက်ရုပ်ကြီးလိုပဲ ဘာအိုက်တင်မှလည်း မလုပ်တတ်ဘူး”လို့ တခါတလေဆူတယ်။ ဟောက်တယ်။ ပြီးရင် ပြန်ချော့တယ်။ ဆရာဦးကျော်ဟိန်းက အခု ဘုန်းကြီး ဝတ်သွားတော့ ဆရာတယောက် ဆုံးရှုံးရသလိုပါပဲ”

“အခုချိန်ထိ အနုပညာ လောကထဲမှာရှိနေသေးရင် ဆရာနဲ့ ပူးတွဲပြီး လုပ်လို့ ရတဲ့ အနုပညာအလုပ်တွေ အများကြီးရှိတယ်။ အခုချိန်ထိလည်း ဆရာကို သတိရနေပါတယ်။ ဆရာသင်ပေးတဲ့ အနုပညာဝမ်းစာတွေနဲ့လည်း ဇာတ်ကားတွေ ရိုက်ခဲ့တယ်။ ဆရာဆီက ပညာတွေနဲ့ ကျမ အနုပညာပိုင်းနဲ့ ပတ်သက်ရင် တန်းမှီတဲ့ အနုပညာရှင် ဖြစ်သွားတယ်။ အဲ့အတွက် ဆရာကို ရင်ထဲမှာ အမြဲတမ်းရှိနေပါတယ်။

အသက်ရာကျော်ရှည်ပါစေလို့လည်း ဆုတောင်းပေးပါတယ်။ တခါတလေ ဆရာ သင်ကြား ပေးတာလေးတွေ ဆရာ ပြောတာလေးတွေကို Facebook မှာ တင်ဖြစ်တယ်။ ဆရာကို သတိတရ ရှိနေလို့ပါ”လို့ ခွန်းဆင့်နေခြည်က ပြောပါတယ်။

ခွန်းဆင့်နေခြည် ရိုက်ကူးထားတဲ့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ ၊ မိုင်တိုင် ၇၆ ဇာတ်ကားများဟာ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ ခွန်းဆင့်နေခြည်ဟာ သရုပ်ဆောင် ဦးကျော်ဟိန်းရဲ့ သွန်သင်မှုများနဲ့အတူ အနုပညာလောကထဲကို ထဲထဲဝင်ဝင်ခြေချခွင့်ရခဲ့သူတဦးလည်း ဖြစ်ပါတယ်။

ခွန်းဆင့်နေခြည်က သရုပ်ဆောင်ဘက်မှာသာမက သီချင်းဆိုတဲ့ အပိုင်းမှာလည်း “စာလာလာမဖတ်နဲ့” တေးစီးရီး ထွက်ရှိထားသူ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ခွန်းဆင့်နေခြည်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး ကျောက်ဆူး ရုပ်ရှင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ “မှော်ဝင်သမန်းကျား” ဆိုတဲ့ ရုပ်ရှင်ကားကို ရုံတင်ပြသတော့မှာပါ။

ခွန်းဆင့်နေခြည်ရဲ့ လက်ဦးဆရာ ဦးကျော်ဟိန်း (ဦးပဉ္စင်း ဉူးကိတ္တိသာရ) ကတော့ သြစတြေးလျနိုင်ငံမှာ သီတင်းသုံးနေတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

ဆရာဖြစ်သူ ကျော်ဟိန်းပြောတဲ့ အမှတ်တရ စကားတွေကို ပြောပြတဲ့ ခွန်းဆင့်နေခြည်

မှော်ဝင်သမန်းကျား” ရုပ်ရှင်ကို ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားတွေနဲ့ ကြိုးစားထားပါတယ်

Loading