Netflix ကနေ ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ Extinction ဆိုတဲ့ ရုပ်ရှင်ကတော့ အမေရိကန်သိပ္ပံ စိတ်ကူးယဉ် သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပြီး ဒါရိုက်တာ Ben Young က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။
အဖျက်စွမ်းအားစုတွေ ရောက်ရှိလာပြီး မိသားစုကို ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ အိပ်မက်မက်နေတဲ့ ဖခင်တဦးရဲ့ မိသားစု အပေါ် ကာကွယ်ရေး ခရီးကြမ်းတခုအကြောင်းကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားတာဖြစ်ပါတယ်။
သရုပ်ဆောင်တွေ အဖြစ် Lizzy Caplan, Michael Peña, Mike Colter နဲ့ Lilly Aspell တို့က ဦးဆောင်ပါဝင်ထား ကြပါတယ်။ ဒီရုပ်ရှင်ကို မူလက Universal ထုတ်လုပ်ရေးကနေ ကမ္ဘာတဝန်းမှာ ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် Netflix ကနေ ဖော်ပြမထားတဲ့ ငွေပမာဏနဲ့ ဝယ်ယူသွားခဲ့တာဖြစ်ပါတယ်။
အင်ဂျင်နီယာတယောက်ဖြစ်တဲ့ Peter ဟာ အမည်မသိတဲ့ ရန်သူတွေနဲ့အတူ ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှု လိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေရတယ်ဆိုတဲ့ အိပ်မက်ဆိုးကို ဆက်တိုက်ဆိုသလို မက်နေခဲ့ပါတယ်။
ဇနီးဖြစ်သူရဲ့ အကြံပေးမှုကြောင့် စိတ်ရောဂါအထူးကုဆရာဝန်နဲ့ သွားရောက်ပြသဖို့ စီစဉ်ခဲ့ပေမယ့် ဆေးရုံမှာ သူ့လိုပဲ အိပ်မက်ဆိုးတွေ မက်နေတဲ့သူ တဦးနဲ့ ဆုံတွေ့ခဲ့ပါတယ်။ အဲဒီသူရဲ့ ပြောပြချက်ကြောင့် သူမက်နေတဲ့ အိပ်မက်တွေ အတိုင်း အပြင်လက်တွေ့မှာ အမှန်တကယ်ဖြစ်လာမယ်လို့ ယုံကြည်ချက်ခိုင်မာလာခဲ့ပါတယ်။
တညမှာတော့ ကောင်းကင်ယံမှာ အာကာသယာဉ်လိုမျိုး ယာဉ်ပျံတွေ ကျလာခဲ့ပြီး တမြို့လုံး မီးဟုန်းဟုန်း တောက်တဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပါတော့တယ်။ Peter နဲ့ သူ့ရဲ့ ဇနီး Alice တို့ဟာ မြေပြင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်သတ်ဖြတ်မှု တွေကို သမီးနှစ်ဦးနဲ့အတူ ရှောင်ရှားဖို့ လုပ်ဆောင်ကြရပါတော့တယ်။
စားပွဲအောက်မှာ ပုန်းနေတဲ့ သမီးလေး Lucy ကို ရှာဖွေဖို့ကြိုးစားရင်း အင်းဆက်ပုံစံ ဝတ်စုံဝတ်ဆင်ထားတဲ့ ကျူးကျော်လာ သူ တဦးနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတယ်။ သမီးလေးကို အဲဒီကျူးကျော်လာသူက စစ်ဆေးနေချိန်မှာပဲ ဖခင် Peter နဲ့ မိခင် Alice တို့က တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီကျူးကျော်လာသူ စစ်သားရဲ့ ရိုင်ဖယ်သေနတ်နဲ့အတူ Peter နဲ့ သူ့မိသားစုဟာ ထွက်ပြေးနိုင်ခဲ့ပါတယ်။
Peter ရဲ့ မသိစိတ်အရ သူအလုပ်လုပ်နေတဲ့ စက်ရုံဟာ လုံခြုံတဲ့ နေရာတခုဖြစ်မယ်လို့ မိသားစုဝင်တွေ သဘောတူပြီး ထွက်ခွာဖို့ လုပ်ခဲ့ကြပါတယ်။ သူလုယူလာခဲ့ ရိုင်ဖယ်သေနတ်နဲ့ပဲ လမ်းမှာ ရင်ဆိုင်တွေ့ခဲ့ရတဲ့ ရန်သူတွေကို တိုက်ခိုက် နိုင်ခဲ့ပါတယ်။ သူတို့ဟာ စက်ရုံကို ရောက်ရှိဖို့ လိုဏ်ခေါင်းကနေ ဝင်ဖို့ ကြိုးစားနေချိန်မှာပဲ ဗုံးပေါက်ကွဲမှုကြောင့် ဇနီး Alice ဒဏ်ရာ ရရှိခဲ့ပါတယ်။
သူတို့ယူလာခဲ့တဲ့ ခေတ်မီရိုင်ဖယ် ရဲ့ အချက်ပြမှုနောက်ကနေ တောက်လျှောက်လိုက်လာခဲ့တဲ့ သူတို့ တိုက်ခန်းမှာ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်သားဟာ လိုဏ်ခေါင်းထဲအထိ ရောက်လာပြီး ဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရည်ခိုက်ရည်နဲ့ ဖြတ်ထိုးဉာဏ်အားကောင်းတဲ့ Peter ရဲ့ တိုက်ခိုက်မှုမှာ စစ်သားဟာ ကျရှုံးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီစစ်သားဟာ လူသားတဦးလို့ သိလိုက်ရတဲ့အခါ ကြည့်နေတဲ့ ပရိသတ်ကို တဒင်္ဂတော့ စိတ်ရှုပ်ထွေး သွားစေမှာအမှန်ပါပဲ။ တကယ်လို့ သူတို့ကို တိုက်ခိုက်နေတဲ့ ဂြိုဟ်သားလိုလို စစ်သားလိုလို ကျူးကျော်သူတွေဟာ လူသားဆိုရင် Peter တို့ ကြုံနေရတာဟာ လူသားအချင်းချင်းတိုက်ခိုက်နေတဲ့ စစ်ပွဲတခုလား။ ဒါမှမဟုတ် Peter တို့ကရော လူသားမှဟုတ်ပါ့မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာ စေပါတယ်။
သိပ္ပံစိတ်ကူးယဉ်သည်းထိတ်ရင်ဖို ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေ၊ လှည့်ကွက်မြှုပ်ကွက် ကောင်းတဲ့ ရုပ်ရှင်တွေ ကြိုက်နှစ်သက်ကြမယ့် ရုပ်ရှင်တခုလည်း ဖြစ်ပါတယ်။ ဇာတ်ညွှန်းပိုင်းနဲ့ အချိတ်အဆက် အထူး ကောင်းမွန်ပြီး တခြားသိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းနဲ့ မတူကွဲပြားတယ်ဆိုတာ ဇာတ်သိမ်းခါနီးရင် သိရမှာပါ။
imdb ရုပ်ရှင်အညွှန်းကိန်း ၁၀ မှာ ၅ ဒဿမ ၈ ရရှိထားတဲ့ ရုပ်ရှင်တခုဖြစ်တဲ့အကြောင်း ညွှန်းဆိုပေး လိုက်ပါတယ်။
Ref:Wiki