စိုင်းစိုင်းခမ်းလှိုင်ရဲ့ “သိင်္ဂါရ”သီချင်း Music Video မှတဆင့် သတိထားမိခဲ့ကြတဲ့ မြန်မာအင်္ကျီလေး ဝတ်ဆင်ထားပြီး သရုပ်ဆောင်ထားခဲ့တဲ့ ဆေးကျောင်းသူလေး ပိုးမမှီသာကတော့ သူမကို ပရိသတ်တွေက လှလို့ချစ်တာဆိုတော့ အချစ်မလျော့အောင် လှအောင်ကြိုးစားပြီးနေတယ်လို့ ဆိုပါတယ်။
“ကိုယ့်ကိုအနည်းနဲ့အများလူတွေ သတိထားမိလာတဲ့အခါမှာ ပရိသတ်က လှလို့ချစ်တာဆိုတော့ အချစ်မလျော့သွား အောင်လို့ လှအောင်ကြိုးစားပြီးနေရတာပေါ့။ အရမ်းထွေထွေထူးထူးကြီးမဟုတ်ပေမယ့် ကိုယ့်ဘာသာ တတ်နိုင် သလောက် ကြိုးစားပြီး အချိန်ရရင် ရသလိုဂရုစိုက်ပါတယ်” လို့ ပိုးမမှီသာက ပြောပါတယ်။
အလှအပနဲ့ ပတ်သက်ပြီး နဂိုရှိရင်းစွဲအလှကို ထိန်းသိမ်းပြီး လှပအောင်နေရတာကို သဘောကျပြီး ပြုပြင်ပြောင်းလဲ ချင်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။
“မိန်းကလေးဆိုတော့ အလှအရမ်းကြိုက်တယ်။ လှနေရတာကိုက ကျေနပ်နေရတဲ့သူဆိုတော့ ပိုပိုပြီးတော့ လှချင်တာပေါ့။ အဲဒီတော့ လှချင်ပါတယ်။ နဂိုရှိရင်းစွဲအလှကိုပဲ ထိန်းထိန်းသိမ်းသိမ်းနေတာကို သဘောကျပါတယ်။ ပြုပြင်ပြောင်းလဲပစ်ချင်တဲ့နေရာမျိုးတွေတော့ မရှိပါဘူး” လို့ပိုးမမှီသာက ပြောပါတယ်။
ပညာရေးမှာလည်း ဆေးကျောင်းတက်နေတဲ့သူဖြစ်တဲ့အတွက် အခုချိန်မှာတော့ ကျောင်းတက်နေရပြီဖြစ်တဲ့အတွက် အားတဲ့အချိန်မျိုးတွေမှာ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေပြီး ပညာရေးဘက်ကိုလည်း လက်မလွှတ်နိုင်တာကြောင့် အဖက်ဖက်ကတတ်နိုင်သလောက် ကြိုးစားဖြစ်တယ်လို့ ပြောပါတယ်။
“ပညာရေးနဲ့ အနုပညာကိုမျှအောင်လုပ်သွားပါမယ်။ ပညာရေးဘက်ကိုလည်း လက်မလွှတ်နိုင်ဘူးဆိုတော့ အဖက်ဖက် က တတ်နိုင်သလောက်ကြိုးစားပါမယ်။ အခုကျောင်းပြန်တက်နေရပြီ။ ဆေးရုံမှာ မနက်ကနေ ညနေထိ စာသင်ရ တယ်။ ကြားရက်ဆိုရင် ကျောင်းသွားရတယ်။ ပိတ်ရက်လေးတွေ ညနေပိုင်းလေးတွေဆိုရင်တော့ အနုပညာအလုပ်ကို အချိန်ရသလောက်လုပ်ပါတယ်” လို့ပိုးမမှီသာက ပြောပါတယ်။
အနုပညာအလုပ်တွေကို အများကြီးမလုပ်နိုင်သေးပေမယ့် သူမကို အားပေးတဲ့သူတွေကိုလည်း ပိုးမမှီသာက “အရမ်းပီတိဖြစ်ရပါတယ်။ ကိုယ့်ကိုချစ်တဲ့သူ အားပေးတဲ့သူမရှိရင် ဒီအလုပ်က လုံးဝလုပ်လို့မရဘူး။ အမြဲတမ်း ချစ်ပေးနေတဲ့ ပရိသတ်တွေအားလုံး ကိုယ့်ကို အသိအမှတ်ပြုပေးတဲ့သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ရင်ထဲကအမှတ်တရ သတိတရရှိပါတယ်” လို့ ပြောပါတယ်။
ဆက်စပ်ဖတ်ရှုရန် – ဆေးကျောင်းမပြီးခင် အချိန်အတွင်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်မယ့် ပိုးမမှီသာ