ကမ္ဘာကျော် ဟောလိဝုဒ်မင်းသား Will Smith ဟာ သူ့ရဲ့ အသက် ၅ဝ ပြည့်မွေးနေ့တုန်းက Grand Canyon ချောက်ထဲကို ရဟတ်ယာဉ်ပေါ်ကနေ ကြိုးနဲ့ ခုန်ချခဲ့ပြီး အခုတော့ အနောက်တိုင်းအနုပညာရှင်တွေ ကြားမှာ တွေ့ရခဲတဲ့ ဘောလိဝုဒ် အက ကခုန်မှုကိုလည်း ပြုလုပ်ခဲ့တာ တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၆ ရက်နေ့တုန်းက နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ၁၆ ကြိမ်မြောက် Hindustan Times Leadership Summit မှာ အမှာစကားပြောကြားခဲ့ပြီး ဘောလိဝုဒ်အကကို ကခုန်တာဟာ သူအမြဲ လုပ်ချင်ခဲ့တဲ့အရာ တခုဖြစ်တယ်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲဒီနောက် မင်းသားရဲ့ ဆန္ဒဟာ ချက်ချင်းဆိုသလိုပဲ ပြည့်မြောက်ခဲ့ပါတယ်။ သူဟာ “Student of the Year 2” ရုပ်ရှင်ရိုက်ကွင်းပေါ်က ဓာတ်ပုံတွေကို သူ့ရဲ့ Instagram အကောင့်မှာ ဝေမျှခဲ့ပါတယ်။ အဲဒီပုံမှာတော့ သူက “ဘောလိဝုဒ်ရဲ့ ရိုက်ကွင်းမှာပါ။ ‘Student of the Year 2’ ရုပ်ရှင်သရုပ်ဆောင်တွေ၊ ဝန်ထမ်းတွေနဲ့အတူ တပျော်တပါးပေါ့။ အခုလိုမျိုး ပါဝင်ကပြခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
သူဟာ သရုပ်ဆောင်တွေ ဖြစ်တဲ့ Ranveer Singh, Tiger Shroff, Ananya Panday နဲ့ Tara Sutaria တို့နဲ့အတူ အိန္ဒိယအချစ်ဇာတ်မြူးသီချင်း “Radha” ကို ကခဲ့ကြတာဖြစ်ပါတယ်။
အခုလိုမျိုး သူ့ရဲ့ ဘောလိဝုဒ်အချစ်သီချင်းကပြမှုဟာ လူမှုကွန်ရက်မီဒီယာပေါ်မှာ တုံ့ပြန်မှုအားကောင်းခဲ့ပြီး Twitter အသုံးပြုသူတွေကတော့ လာမယ့်ရုပ်ရှင်မှာ အကဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်လာမှာဆိုတဲ့ ထင်ကြေးပေးမှု တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
မင်းသား Will က ဘောလိဝုဒ်မင်းသမီး Aishwarya Rai Bachchan ကိုသဘောကျ နှစ်ခြိုက်တဲ့အကြောင်း ပြောဆိုခဲ့ပြီး နောက် အခုလိုမျိုး ပို့စ်ကိုတင်ခဲ့တာလည်း ဖြစ်ပါတယ်။
မင်းသား Will က “ကျနော်လုပ်ဖို့ ရည်စူးထားတဲ့ စာရင်းထဲမှာပါတဲ့တခုကတော့ ဘောလိဝုဒ်ကကွက် တခုမှာ ပါချင်တာပါ။ ကျနော် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက Aishwarya ကိုတွေ့ခဲ့ဖူးပါတယ်။ တခုခုကို အတူတူ လုပ်ဖို့ ပြောဆိုခဲ့ကြတာ ရှိပေမယ့် ဘယ်တော့မှဖြစ်မလာခဲ့ပါဘူး။ သူနဲ့ ကျနော် ရုပ်ရှင်တခု ဖန်တီးချင်ပါတယ်” လို့ ပြောကြားခဲ့တဲ့အကြောင်း Indian Express မီဒီယာမှာ ဖော်ပြထားပါတယ်။
Ref: etcanada