ဒီတခါမိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Julian Schnabel ရိုက်ကူးထားတဲ့ Biography , Drama အမျိုးအစား ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Willem Dafoe , Rupert Friend , Oscar Issac နဲ့ Mads Mikkelsen တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။
ဗန်ဂိုးနဲ့ပတ်သက်လို့ ရုပ်ရှင်ပေါင်းများစွာ ရိုက်ကူးခဲ့ကြတာဖြစ်ပြီး အခုမကြာခင်မှာ ထွက်ရှိလာတော့မယ့် At Eternity’s Gate (2018) ဟာ မတူညီတဲ့ ရသတခုကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်မိပါတယ်။ ဗန်ဂိုးရဲ့ နောက်ဆုံးနေ့ရက်တွေ ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၇၅ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ ရုပ်ရှင်ကား တကားလည်းဖြစ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာ ၁၆ ရက်နေ့ မှာ စတင်ဖြန့်ချိမှာဖြစ်တယ်လို့ CBS films သတင်းတွေအရ သိရှိရပါတယ်။
ဗန်ဂိုးရဲ့ ပန်းချီလက်ရာတွေနဲ့ သူ့ရဲ့ ပန်းချီဆွဲဖော်ဆွဲဖက် သူငယ်ချင်းတွေကြား ဆက်ဆံရေးတွေကို ပုံဖော်ထားတာဖြစ်ပြီး အနှိုင်းမဲ့တဲ့ စိတ်စေတနာနဲ့ အနုပညာရှင်တယောက်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို Willem Dafoe က ဘယ်လို သရုပ်ဆောင် ပြမလဲဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်စားကြည့်ရှုကြရမှာဖြစ်ပါတယ်။
Official Trailer တခုလည်း ထွက်ရှိထားပြီး ရုပ်ရှင်ကို Arles , Bouches-du-Rhone နဲ့ Auvers-sur-Oise စတဲ့ ပြင်သစ်နိုင်ငံရဲ့ နေရာဒေသတွေမှာ ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။ အဲဒီနေရာတွေအားလုံးဟာ ဗန်ဂိုး အသက်ရှိစဉ် ကာလကတည်းက သွားရောက် ပန်းချီဆွဲခဲ့တဲ့နေရာတွေလည်းဖြစ်ပါတယ်။
ရုပ်ရှင်ရဲ့ ပိုစတာကို ရိုက်ကူးတဲ့အခါမှာ ဗန်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံတူကို အခြေခံထားတာဖြစ်ပြီး အဲဒီပုံထဲမှာ ဗန်ဂိုးဟာ ကိုယ့်နားရွယ်ကိုယ်ဖြတ်ပစ်ခဲ့တာကြောင့် ပတ်တီးစည်းထားရတဲ့ပုံတူပန်းချီလည်းဖြစ်ပါတယ်။
ထွက်ရှိလာတော့မယ့် ရုပ်ရှင်အတွက် ဝေဖန်ရေးဆရာတွေနဲ့ ဗန်ဂိုးကိုချစ်မြတ်နိုးသူ ၊ သူ့ပန်းချီတွေကို ချစ်မြတ်နိုး သူတွေကြားမှာတော့ လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ ရုပ်ရှင်ကားကောင်းတကားဖြစ်တာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် စောင့်မျှော်ကြည့်ရှုဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။