အောက်တိုဘာလ ၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တဲ့ သရုပ်ဆောင်မင်းသွေးကို အောက်တိုဘာလ ၇ ရက်နေ့မှာတော့ ရေဝေးသုဿန်မှာ မီးသြင်္ဂိုလ်ချိန် ပရိသတ်များအလွန်အမင်း လာရောက်ကြတဲ့အတွက် မိသားစုများကောင်းစွာ နှုတ်မဆက်ခဲ့ရတဲ့ အဖြစ်များဖြစ်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ သရုပ်ဆောင်လူမင်းက ပရိသတ်တွေက ဆုံးသွားတဲ့ အနုပညာရှင်ကိုလည်း ချစ်သလို အသုဘရှုလာတဲ့ အနုပညာရှင်တွေကိုလည်း တွေ့လိုမြင်လိုတဲ့အတွက် ဒီလိုဖြစ်ရပ်မျိုးက ခေတ်အဆက်ဆက် ဖြစ်ခဲ့ကြတာပါလို့ ဧရာဝတီကို ဆိုပါတယ်။
“အစီအစဉ်လေး ဒီထက်ပိုပြီးကြိုတင်ပြင်ဆင်မှုလေးရှိရင်တော့ အခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်တာ သက်သာမယ် ထင်ပါတယ်။ ပရိသတ်တွေအတွက် နေရာသတ်မှတ်ပေးထားတာမျိုး၊ မီဒီယာတွေအတွက် နေရာသတ်မှတ်ပေးထားတာမျိုး လုပ်ပေးထားသင့်တယ်။ ဒီအလောင်းသယ်လာရာလမ်းကို လမ်းရှင်းပေးထားတာမျိုးကို အစီအစဉ်တကျလေး လုပ်မယ်ဆိုရင် အခုလို ပြောဆိုဝေဖန် တာတွေဖြစ်တာ သက်သာတာပေါ့”လို့ လူမင်းကပြောပါတယ်။
ဒီလိုဖြစ်ရပ်မျိုးက အနုပညာရှင်တွေရဲ့ အသုဘဈာပနတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်မျိုးဖြစ်ပြီး ပရိသတ်တွေကလည်း အနုပညာရှင်တွေကို ချစ်တဲ့စိတ်ကြောင့် ဖြစ်ပေါ်လာရတာလို့ ဆိုပါတယ်။
“ဆုံးသွားတဲ့ အနုပညာရှင်ကိုလည်း ချစ်သလို အသုဘရှုလာတဲ့ အနုပညာရှင်တွေကိုလည်း တွေ့လိုမြင်လိုတော့ ဒီလိုပဲ ခေတ်အဆက်ဆက် ဖြစ်ခဲ့ကြတာပါပဲ။ ဦးစိန်မြင့်ဆုံးတုန်းကဆို ဆွဲကြလွဲှကြတာနဲ့ ဆွဲကြိုးတွေတောင် ဖြုတ်ခံခဲ့ရတယ်။ ကျနော့်အမေဆုံးတုန်းကလည်း အဲ့လိုပါပဲ။ ညီလေးမင်းသွေးဆုံးတော့လည်း အဲ့လိုတွေ တွေ့ရတယ်ဆိုတာ ကျနော် မြင်တာကတော့ ဝိုင်းလုပ်တဲ့သူတွေတော့ အများကြီးရှိပါတယ်” လို့ လူမင်းက သူရဲ့အမြင်ကို ဆိုပါတယ်။
သရုပ်ဆောင်မင်းသွေးဟာ အောက်တိုဘာလ ၃ ရက်နေ့မှာ ဘောလုံးကန်ရင်း အမောဖောက်ကာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ကျန်ရှိရုပ်အေလောင်းကို အောက်တိုဘာလ ၇ ရက်နေ့ ရေဝေးသုဿန်မှာ မီးသြင်္ဂိုလ်ပြီး အရိုးပြာကို ဂူသွင်းခဲ့ပါတယ်။