The Rock လို့လူသိများတဲ့ မင်းသား Dwayne Johnson ဟာ “Jumanji: Welcome to the Jungle” ရုပ်ရှင် ဒါရိုက်တာ Jake Kasdan ရိုက်ကူးမယ့် “John Henry and the Statesmen” ဆိုတဲ့ ရုပ်ရှင်မှာပါဝင်ဖို့ ရုပ်ရှင် Streaming ကုမ္ပဏီကြီး ရဲ့ ကမ်းလှမ်းမှုကိုခံခဲ့ရတယ်လို့ သိရပါတယ်။
မင်းသား Johnson ဟာ “The Lego Ninjago Movie” ရုပ်ရှင်ကို ရေးသားခဲ့တဲ့ စာရေးဆရာ Tom Wheeler ရဲ့ မူရင်းဝတ္ထုကို အခြေခံထားတဲ့ ရုပ်ရှင်ကို ထုတ်လုပ်မယ့်အပြင် သရုပ်ဆောင်အဖြစ် ပါဝင်ဦးမှာဖြစ်ပါတယ်။
မင်းသားဟာ အမေရိကန်ပုံပြင်ထဲမှာ ပါဝင်တဲ့ စတီးထုတ်လုပ်ဖန်တီးသူ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား Henry အဖြစ်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။
မင်းသားက “Netflix ဟာ ကျနော်တို့ရဲ့ ကမ္ဘာ့ပရိသတ်တွေကို ဆက်လက်ဖျော်ဖြေနိုင်ဖို့အတွက် အပြည့်စုံဆုံးပါတနာနဲ့ ဆက်သွယ်ရေး ပလက်ဖောင်းတခုလည်း ဖြစ်ပါတယ်။ ဒီထူးခြားကွဲပြားတဲ့ ဇာတ်ကောင်တွေဟာ အသက်၊ ကျား၊မ၊ လူမျိုးနဲ့ ပထဝီဝင်အနေအထားတို့ကို ကျော်လွန်ပြီး ကမ္ဘာတဝန်းက ပရိသတ်တွေကို ကျော်လွန်နိုင်မယ့် ဇာတ်ကြောင်းပြောတဲ့ အမွေအနှစ်တခုကို ဖော်ပြမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မင်းသားနဲ့ အတူ ထုတ်လုပ်သူတွေအဖြစ် Kasdan နဲ့ Seven Bucks ထုတ်လုပ်ရေးရဲ့ Dany Garcia နဲ့ Hiram Garcia၊ FlynnPictureCo ရဲ့ Beau Flynn တို့ပါ ပါဝင်လာကြမှာပါ။ John Henry ဇာတ်ကောင်အတွက် ရိုက်ကူးခွင့်ရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ဝယ်ယူခဲ့ရတယ်လို့လည်း ဆိုပါတယ်။ Netlfix ရဲ့ ရုပ်ရှင်ဆိုင်ရာ အကြီးအကဲ Scott Stuber က ဒီရုပ်ရှင်ကို ကမ္ဘာတဝန်းလုံးအထိ ပြသဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
Seven Bucks နဲ့ FlynnPictureCo တို့ကတော့ Disney ရုပ်ရှင်ထုတ်လုပ်ရေးအတွက် မင်းသား Johnson ပါဝင်မယ့် “Jungle Cruise” ရုပ်ရှင်ကို ရိုက်ကူးပြီးစီးခဲ့တာပါ။
ဒါ့အပြင် Johnson နဲ့ Seven Bucks လက်ရှိမှာ Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ “Hobbs and Shaw” ရုပ်ရှင်ကို ရိုက်ကူးနေပါတယ်။ Wheeler ကတော့ Netflix မှာ လက်ရှိပြသနေတဲ့ Cursed ဇာတ်လမ်းတွဲကို တာဝန်ယူထားပါတယ်။
Ref:Hollywoodreporter