ပြီးခဲ့တဲ့ အော်စကာ ဆုပေးပွဲရာသီမှာ ပရိသတ်အကြိုက်တွေ့ခဲ့ကြတဲ့ “Call Me by Your Name” ရုပ်ရှင်ကို ဒါရိုက်တာ Luca Guadagnino က နောက်ဆက်တွဲဇာတ်လမ်းအဖြစ် ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။
ဒါရိုက်တာ Luca က The New Yorker မီဒီယာနဲ့ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ မင်းသမီး Dakota Johnson ကို သရုပ်ဆောင်စာရင်းမှာ ထည့်သွင်းဖို့ အကြောင်း ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ တကယ်တော့ ဒီကိစ္စက သိပ်ပြီးထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။
ဒါရိုက်တာ Luca ဟာ ၂၀၁၅ ခုနှစ်တုန်းက “A Bigger Splash” ရုပ်ရှင်နဲ့ ၂၀၁၈ ခုနှစ်မှာ “Suspiria” ရုပ်ရှင်တွေမှာ မင်းသမီး Dakota နဲ့လက်တွဲရိုက်ကူးခဲ့လို့ ဖြစ်ပါတယ်။
မင်းသမီးကို သရုပ်ဆောင်စေချင်တဲ့ ဇာတ်ကောင်အမျိုးအစားကိုလည်း ဒါရိုက်တာကြီးက သေသေချာချာ သိပုံလည်း ရပါတယ်။ ဒါရိုက်တာကြီးဟာ မင်းသမီးကို မင်းသား Armie Hammer ရဲ့ဇာတ်ကောင် Oliver ရဲ့ ဇနီးအဖြစ် သရုပ်ဆောင်စေဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။
ဒါရိုက်တာကြီးက “လိင်စိတ်လွန်ကျူးတဲ့ နယူးအင်္ဂလန်က အမျိုးသမီးတဦးဖြစ်မှာပါ။ ကလေး ၅ ယောက် လောက်ရှိမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် နောက်ထပ် သေချာတာတခုက ဆက်လက်ရိုက်ကူးမယ့် နောက်ဆက်တွဲ ရုပ်ရှင်အသစ်ရဲ့ နာမည်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာကြီးက “တခုတည်းသော ပြဿနာက ရုပ်ရှင် နာမည်ဖြစ်ပါတယ်။ “Call Me by Your Name Two” ဆိုတဲ့ နာမည်တော့ ဖြစ်နိုင်မှာမဟုတ်ပါဘူး” လို့လည်း ပြောကြားထားပါတယ်။
မူရင်း “Call Me by Your Name” ရုပ်ရှင်ကတော့ ၁၉၈၀ ပြည့်လွန်နှစ် အစောပိုင်းကာလမှာ အသက် ၁၇ နှစ်အရွယ် Elio ဆိုတဲ့ ကောင်လေးတယောက်နဲ့ သူ့တို့မိသားစုအိမ်ကို လာလည်တဲ့ အသက် ၂၄ နှစ်အရွယ် Oilver ဆိုတဲ့ အမျိုးသားတဦးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။
စာရေးဆရာ André Aciman ရေးသားထားတဲ့ ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး နောက်ဆက်တွဲဇာတ်လမ်း ရိုက်ကူးမယ်ဆိုတဲ့ ကောလာလဟတွေက အခုနှစ်အစောပိုင်းကစလို့ ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။
ဒါရိုက်တာ Luca က “ဝတ္ထုမှာ Elio နဲ့ Oliver တို့ နောက်ထပ်နှစ် ၂၀ ကို ဖြတ်သန်းပြီးတဲ့နောက် စာမျက်နှာ ၄၀ လောက်နဲ့ ဇာတ်သိမ်းထားပါတယ်။ အဲဒါကိုကြည့်မယ်ဆိုရင် စာရေးဆရာ Andre Aciman က ဇာတ်လမ်းကို ရှေ့ဆက်နိုင်သေး တယ်လို့ ညွှန်းပြထားတာလည်း ဖြစ်နိုင်ပါတယ်” လို့ The Hollywood Reporter မီဒီယာကို ပြောကြားထားပါတယ်။
လောလောဆယ်မှာတော့ Elio အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Timothée Chalamet ကတော့ သူ့ရဲ့ ရုပ်ရှင်သစ် “Beautiful Boy” အထူးပွဲအတွက် အလုပ်များနေပြီး နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်ဖို့ ဆုံးဖြတ်တဲ့အာဏာ သူ့မှာ မရှိဘူးလို့ ပြောကြားပါတယ်။ ဒါပေမယ့် ရုပ်ရှင်အသစ်ကိုတော့ မျှော်လင့်နေဆဲပဲလို့ ဆိုပါတယ်။
Ref: eonline