မော်ဒယ် အဆိုတော် ဟိန်းမင်းသူ တယောက် မနေ့ည၊ အောက်တိုဘာလ ၁၁ ရက်နေ့က ဘာမီတွန်များ အလွန်အကျွံ သောက်သုံးပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့က အကောင့်အဟက်ခံရပြီး နောက်ပိုင်းဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ခံစားခဲ့ရတဲ့ ဟိန်းမင်းသူဟာ အောက်တိုဘာ ၁၂ ရက်နေ့ မှာ အရေးပေါ်သို့ ရောက်ခဲ့တာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ ဟိန်းမင်းသူ ဟာ ဂျပန်ဆေးရုံကြီး အမျိုးသားကုသဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဟိန်းမင်းသူရဲ့ ဖခင်ဖြစ်သူ ဦးမြင့်သိန်းက ဧရာဝတီက ပြောပါတယ်။
“အခု သားက ဂျပန်ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ဆေးတွေတော့ သွင်းထားပါတယ်။ အကောင့်အဟက်ခံရပြီး စိတ်ထိခိုက်သွားတာပါ။ သူက အပြင်မှာ ဝိုင်တွေနဲ့ ဘာမီတွန်တွေနဲ့ တွဲသောက်လိုက်တာလို့ သိရတယ်။ အမြှုပ်တွေပါ ထွက်လာတယ်လို့ ပြောကြတယ်။ ကျနော်က အိမ်မှာ သူ့သူငယ်ချင်းတွေ ဖုန်းဆက်ကြတယ် ကျနော့်ဆီကို။ ကျနော့်ဖုန်းက အသံတိုးထားတာနဲ့ မကြားဘူး။ နောက်မှဆေးရုံ လိုက်သွားတယ်။ အခုအကောင့်ကတော့ ပြန်ရပြီ”
“ပိုက်ဆံလိုချင်လို့ လုပ်တာ မဟုတ်ဘူး။ အောင်မြင်နေတာကို မလိုချင်လို့လုပ်တာလို့ ပြောတယ်။ ကျနော့်ကိုလည်း ဆဲတယ်။ ကျနော်တို့ကတော့ ရန်ကို ရန်ခြင်း မတုန့်ပြန်ပါဘူး။ တရားစွဲဖို့လည်း မရှိပါဘူး။ ဒီကလေးက အခုလို ဆေးတွေသောက်ပြီး တခုခုဖြစ်သွားရင် ကျနော်တို့ပဲ ရင်ကျိုးရမှာပါ”လို့ဟိန်းမင်းသူ ဖခင်က ဧရာဝတီကို ပြောပါတယ်။
ယခုလက်ရှိ ဟိန်းမင်းသူရဲ့ ဖေ့စ်ဘုတ်အကောင့်မှာ ဟက်ကာတွေ တင်ထားခဲ့တဲ့ ပို့စ်တွေကို ပြန်ဖျက်ထားတာ တွေ့ရပါတယ်။ ဟိန်းမင်းသူဟာ အောက်တိုဘာလ ၉ ရက်နေ့က Heart Attack ဖြစ်လို့ ရုတ်တရက် ဆေးရုံတင်ထားရတဲ့လို့ သိရပြီး နောက်ပိုင်းမှာ ဒီလိုကိစ္စတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဟက်ကာများက ဟိန်းမင်းသူနဲ့ အနုပညာရှင်တချို့ အချင်းချင်းပြောဆိုထားတဲ့ စာများကို အများပြည်သူများမြင်စေရန် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး အဲဒီစာတွေမှာ အနုပညာရှင်တွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အကြောင်းအရာမျာ းပါဝင်နေခဲ့တာ ဖြစ်ပါတယ်။
ဂီတအလုပ်မှာလည်း အောင်မြင်ဖို့ ကြိုးစားနေတဲ့ ဟိန်းမင်းသူကတော့ MRTV-4 ရုပ်သံလိုင်းက ထုတ်လွှင့်မယ့် “အရိပ်” ဆိုတဲ့ ဇာတ်လမ်းတွဲမှာလည်း စီနီယာအနုပညာရှင်တွေနဲ့ အတူ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး စုစုလှိုင်ကို အရမ်းကြိုက်တဲ့ ဆေးကျောင်းသား စိုင်းမင်းဆွေဆိုတဲ့ ကောင်လေးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားသူပါ။ နောက်ထပ်လည်း “ပျားရည်အိုင်” ဆိုတဲ့ ဇာတ်ကားကိုလည်း ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Heart Attack ဖြစ်သွားတဲ့ ဟိန်းမင်းသူရဲ့ လက်ရှိကျန်းမာရေးအခြေအနေ