အားကစားလုပ်ရင်း အမောဖောက်ကာ ရုတ်တရက်ကွယ်လွန်ခဲ့တဲ့ သရုပ်ဆောင်မင်းသွေးနဲ့ ပတ်သက်လို့ ညီထွဋ်ခေါင်က သူကြုံ့တွေ့ခဲ့ရတာများကို ဧရာဝတီကို အခုလိုဆိုပါတယ်။
“ကျနော်က မင်းသွေးဆုံးတာ သိသိချင်းကို ရောက်သွားတာ၊ သူဆုံးတယ်လို့ကို ကျနော်မထင်သေးဘူး။ အဲဒီလိုမှတ်ယူလို့ ကိုမရသေးဘူး။ သူရှိနေသေးတယ်ပေါ့။ သေတယ်လို့ကို ယုံကြည်လို့မရသေးဘူး။ သူနဲ့ကျနော်က အရမ်းတော့ Close မဖြစ်ပါဘူး ။ ဒါပေမယ့်အံ့သြစရာတခုက သူဆုံးတယ်ဆိုတော့ ကျနော်ချက်ချင်း ရောက်သွားတယ်။ သူဆုံးတာမြင်ရတယ်။ ရင်ခွဲရုံမှာရော၊ အသုဘချတာရော အကုန်မြင်တွေ့နေရပေမယ့် ဆုံးတယ်လို့ မှတ်ယူလို့ မရဘူးဖြစ်နေတယ်”လို့ ညီထွဋ်ခေါင်က ဧရာဝတီကို ပြောပါတယ်။
မင်းသွေးကို သတိရနေတဲ့ ခံစားချက်နဲ့ ပတ်သက်လို့လည်း ညီထွဋ်ခေါင်က ခုလိုပြောပြပါတယ်။ “သူ့အိမ်ကို ရောက်သွားတော့ သူ့အခန်းထဲမှာ သူရေးထားတဲ့စာလေးတွေ ၊ သူ့ အငွေ့အသက်လေးတွေ အကုန်ကျန်ခဲ့တယ်။ သူ့ရေချိုးခန်းမှာ ရေးထားတဲ့ ၊ မနက်မျက်နှာသစ်တိုင်းတွေ့ရတဲ့ “ဗုဒ္ဓံသိဒ္ဓိ၊ ဓမ္မံသိဒ္ဓိ၊ သံဃံသိဒ္ဓိ” ဆိုတာလေး ၊ သူ့ကိုတောင် ပြောချင်နေတယ်။ ကျနော်အဲဒါလေးကို နေ့တိုင်းလုပ်ဖြစ်နေတယ်။ အဲဒါကျနော်သူ့ကို မမေ့တာပဲ။ တကယ့်ကို သူ့ကို မျက်နှာသစ်တိုင်း၊ ရေသောက်တိုင်း သတိရတယ်”လို့ ဆိုပါတယ်။
ညီထွဋ်ခေါင်က မင်းသွေးနဲ့ အမှတ်ထင်ထင်ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်လေးတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ “သူနဲ့ကျနော်နဲ့ နောက်ဆုံးဆုံတာက သြင်္ကန်တုန်းက၊ သူက သူ့ပါတနာတွေနဲ့ မဏ္ဍပ်တခုလုပ်ကြတယ်။ ကျနော်က သူနဲ့ သိပ်မခင်ပေမယ့် ကိုမင်းသွေးရေ ကျနော်လက်မှတ်လိုချင်တယ်ဆိုတော့ အရမ်းကို ဖော်ရွေပျူငှာစွာနဲ့ပဲ သူငယ်ချင်း သားကြီး မင်းအိမ်မှာ လာယူလိုက်တဲ့။ ဖုန်းဆက်တယ်။ အိမ်သွားတယ်။ သူကအိမ်ရှေ့ထိ ထွက်လာပြီး ပေးတယ်”
“ကျနော်က ကားရိုက်တွေဆိုရင်လည်း ကိုနေတိုးနဲ့ပဲ ဆုံတာကိုး။ ဘောလုံးလည်း ကျနော်က မကန်တော့ သူနဲ့ တခါမှ မဆုံဘူး။ တခေါက်ပဲတွေ့ဖူးတာတောင် အဲဒီလို။ အရင်က ကျနော်ထင်တာက မင်းသွေးက ဘုဆတ်ဆတ်၊ ဘောက်ဆတ်ဆတ်၊ ပြောတာက ဘွင်းဘွင်းရှင်းရှင်းနဲ့ တမျိုးပဲလား မသိဘူးလို့။ တခါတွေ့ဘူးတဲ့အချိန်မှာတော့ အရမ်းခင်စရာကောင်း တယ်” လို့ ဆိုပါတယ်။
ဆက်လက်ပြီး ညီထွဋ်ခေါင်က “အမှန်က သူကပွင့်လင်းတာ။ အားလုံးကို သူ့ညီအစ်ကိုတွေလိုပဲ သဘောထားပြီးပေါင်း တာ။ ကျနော် သိခဲ့ရတဲ့သူ့စိတ်ထားလေးပါ”လို့ပြောပြပါတယ်။
မင်းသွေးအခုလို ကွယ်လွန်ခဲ့တဲ့အတွက် သူရဲ့သေဆုံးမှုကနေ အသိတရားတွေ အများကြီးပေးခဲ့ကြောင်းနဲ့ ဘဝမှာ ကျန်နေတဲ့သူများနဲ့ ချစ်ခင်စွာနေသွားတတ်ဖို့ မင်းသွေးက ပြသသွားပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
“သူ့ရဲ့သေဆုံးမှုက ကျနော်တို့ကို အသိတရားတွေ အများကြီးပေးသွားတာပေါ့။ အခုဆို ကျနော်တို့ ကျော်ကျော်တို့ဆိုရင် ငါတို့အချင်းချင်း ချစ်အောင်နေသွားကြမယ်။ ဘာလုပ်မှာလဲ မုန်းနေရင်။ အခုဒါဖြစ်နေပေမယ့် ခဏနေရင် ဘာဖြစ်မယ်ဆိုတာ မသိနိုင်ဘူးဆိုတာကိုသိအောင် မင်းသွေးကပြသွားပြီ။ ဒါကြောင့် ချစ်ကြပါ။ ချစ်ကြပါလို့ပဲ ကျနော်ပြောချင်ပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။