ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး တည်ထောင်ထားတဲ့ သရုပ်ဆောင် မိုးပြည့်ပြည့်မောင်က သူမရဲ့ ထုတ်လုပ်ရေးက ရိုက်ကူးထားတဲ့ ပထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရွှေမိုးငွေမိုးပြည့်လျှံဖြိုး” ကို ရုံတင်ဖို့အတွက် စောင့်ဆိုင်းရင်းနဲ့ ရင်ခုန်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ရုပ်ရှင်ကားကြီးပြဖို့အတွက်ကို လုံးပန်းနေတယ်။ ရွှေအိုးငွေအိုးပြည့်လျှံဖြိုး ကားကြီးကို အရင်တင်နိုင်ဖို့ ကြိုးစား နေတယ်။အစ်မရိုက်ထားတဲ့ ၃ကားထဲမှာ သူကပထမဆုံးတင်ဖြစ်မယ်။ အဲဒီကားနဲ့ ပတ်သက်ပြီး စကားပြောကြရင် ရည်းစားစကားပြောခံရတာထက် ရင်ခုန်တယ်။ ပြီးတော့ ကိုယ့်တိုက်ကထွက်မယ့်ကားဖြစ်တော့ မျှော်လင့်ရတာပေါ့။ အဲဒီမျှော်လင့်ချက်နဲ့တင် ရင်ခုန်ရတာ ဘာနဲ့မှမတူဘူး” လို့မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
မိုးပြည့် ထုတ်လုပ်ရေးမှ “ရွှေမိုးငွေမိုးပြည့်လျှံဖြိုး” ၊ “ဒါမျိုးလားအမိုက်စား” ၊ “မြစ်တစင်းရဲ့ကျေးကျွန်များ” ဆိုတဲ့ ရုပ်ရှင်ကားကြီး ၃ကားကိုရိုက်ကူးထားခဲ့ပြီး ပထမဆုံးဇာတ်ကားဖြစ်တဲ့ “ရွှေမိုးငွေမိုးပြည့်လျှံဖြိုး” ကိုတော့ ဆင်ဆာလည်း ရရှိခဲ့ပြီး ၂၀၁၉ခုနှစ် လောက်မှာ တင်ဖြစ်မယ်လို့ သိရပါတယ်။
တချိန်က ဗီဒီယိုမင်းသမီးတယောက်ဖြစ်ခဲ့တဲ့ မိုးပြည့်ပြည့်မောင်ကတော့ ယခုအခါ ဗီဒီယိုလောကကြီး ပျက်နေတဲ့အပေါ်မှာ သူမရဲ့ခံစားချက်ကိုပြောပြခဲ့ပါတယ်။
“ငိုချင်တာပေါ့။ စိတ်တွေမကောင်းဘူး။ ကိုယ်လည်း ဘာမှမလုပ်ပေးတတ်ဘူး။ ကိုယ်တယောက်တည်း လုပ်လို့ ရတဲ့အရာ မဟုတ်တော့ ပြန်ကောင်းပါစေလို့ပဲ ဆုတောင်းပေးရုံကလွဲလို့ ဘာမှလုပ်လို့မရဘူး။ ဒါပေမယ့် ဘယ်အရာမှ အကြာကြီးတော့ မဟုတ်ပါဘူး။ ပျက်ပြီးရင် ပြန်ကောင်းလာမှာပါပဲ။ ကြာတော့ကြာမှာပေါ့နော်။ စည်းလုံးမှဖြစ်မယ်။ မစည်းလုံးလို့ ပြိုကွဲထွက်ကုန်တာလေ” လို့ မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
ဗီဒီယိုလောကပျက်နေတဲ့အတွက် လောကသားတွေအတွက် စိတ်ပူပြီး သူမအနေနဲ့က ယောင်္ကျားဖြစ်သူရဲ့ လုပ်စာကိုထိုင်စားနေရတာကြောင့် ကိစ္စမရှိပေမယ့် ဗီဒီယိုလောကပြန်လည်ကောင်းမွန်ဖို့အတွက် ဆုတောင်းလျက်ရှိတယ်လို့ပြောပါတယ်။
မိုးပြည့်ပြည့်မောင်ကတော့ အခုချိန်မှာ သမီးလေးတယောက်နဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး မိုးပြည့် ရုပ်ရှင်ထုတ်လုပ်ရေး သာမက တခြားအနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်လျက် ရှိပါတယ်။