Single Mother အနေနဲ့ ရပ်တည်လာခဲ့တဲ့ သားချောလေးနဲ့ သမီးချောလေးကို ပိုင်ဆိုင်ထားတဲ့ အကယ်ဒမီ ခင်ဇာခြည်ကျော်ကတော့ သူမရဲ့သားဖြစ်သူက ပရိသတ်သိတဲ့ သူတယောက်ဖြစ်နေပြီး သားနဲ့ ပတ်သက်ပြီး အခုခေတ်က သားယောကျာ်းလေးတွေလည်း စိတ်မချရတော့ဘူးလို့ ပြောပါတယ်။
“သားအတွက် ရင်ပူရတာပေါ့။ ယောကျာ်းလေးဆိုတော့ တချို့တွေကပြောတယ်။ စိတ်ချရတယ်လို့။ အခုခေတ်က မိန်းကလေးတွေထက် ယောကျာ်းလေးတွေက ပိုစိတ်မချရဘူး။ ခေတ်ကြီးကလည်း တိုးတက်ပြောင်းလဲလာတယ်။ သူတို့ Night out ထွက်တဲ့အခါ ကိုယ့်မှာ မအိပ်နိုင်ဘူး။ ဖင်တကြွကြွနဲ့ ပြန်မလာသေးဘူးနဲ့ ဖုန်းကလည်း တနာရီခြား တခါဆက်တယ်။ မလွှတ်ဘူးလားဆိုတော့လည်း လွှတ်သင့်တဲ့နေရာ လွှတ်တယ်။ အလျှော့အတင်းလေးနဲ့ နေရတယ်ပေါ့” လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။
သားနဲ့ သမီး ၂ ယောက်ရှိတဲ့အတွက် သားရှင်အနေနဲ့ရော သမီးရှင်အနေနဲ့ပါ မျှမျှတတ ခံစားနိုင်အောင် ဖြစ်လာစေတဲ့အတွက် အားလုံးကို ညီတူညီမျှ ဆက်ဆံတယ်လို့ ဆိုပါတယ်။သားချောချောလေးမွေးထားတဲ့ အမေတယောက်အနေနဲ့ အခုခေတ်ကြီးမှာ ဘယ်လိုမျိုး စိတ်ပူပန်မှုတွေရှိလဲဆိုတာကိုတော့ ခင်ဇာခြည်ကျော်က အခုလိုပြောပြပါတယ်။
“သားသမီးနဲ့ မိဘဆိုတာတော့ မိဘတိုင်းဟာ သားသမီးပေါ်ထားတဲ့ မေတ္တာဟာ ကြီးမားပါတယ်။ တူတူပါပဲ။ ကိုယ့်မှာ သားလေးလည်း ရှိတယ်။ သမီးလေးလည်း ရှိတယ်ဆိုတော့ ဘုရားက ၂ မျိုးပေးထားတာ။ ကိုယ်ချင်းစာတတ်အောင် သားရှင်ဆိုပြီး မောက်မာလို့လည်း မရဘူး။ သမီးရှင်ဆိုပြီးတော့လည်း လွှတ်ထားလို့လည်း မရဘူး။ ၂ မျိုးလုံးကို ခံစားတတ်အောင် မျှမျှတတနဲ့ ပေးထားတဲ့အတွက် အားလုံးကို ညီတူမျှတူနဲ့ ဆက်ဆံပါတယ်”လို့ ခင်ဇာခြည်ကျော်က ပြောပါတယ်။
သားဖြစ်သူ ဘုန်းမင်းနေလကတော့ ငယ်ငယ်လေးကတည်းက အမေနဲ့ပဲ နီးနီးကပ်ကပ်ရှိခဲ့တဲ့အတွက် အမေကို အရမ်းချစ်တယ်လို့ ဆိုပါတယ်။
ခင်ဇာခြည်ကျော်ကတော့ လက်ရှိမှာ ကြယ်တံခွန်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးထားပြီး မင်းသမီးတယောက်၊ ပရိုဂျူဆာတယောက်အနေနဲ့ရော မိခင်တယောက်အနေနဲ့ပါ အောင်မြင်တဲ့သူတယောက်အနေနဲ့ ရပ်တည်လျက်ရှိပါတယ်။
သူမဟာ အသက်၂၀ ကျော်အချိန် ငယ်ရွယ်တဲ့အချိန်မှာ အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး သားဖြစ်သူ ၅ နှစ်ကျော်နှင့် သမီးဖြစ်သူ ၂ နှစ်ကျော်အချိန်မှစတင်ကာ မိခင်တယောက်တည်းအနေနဲ့ ပြုစုပျိုးထောင်ခဲ့တာလို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ပြည်ပမှာ ကျောင်းသွားတက်မယ့် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်သူ ဘုန်းမင်းနေလ