သရုပ်ဆောင် နေမင်းက ရုပ်ရှင်ဇာတ်ကားတွေကို သူ့စိတ်ကြိုက် ရွေးချယ်ပြီးမှာသာ ဇာတ်ကား ရိုက်ကူး ဖြစ်တယ်လို့ ဆိုပါတယ်။ ရုပ်ရှင်ကားတွေမှာ တွေ့ရနည်းလာတဲ့ နေမင်းက သူ့မိသားစုရဲ့ ကိုယ်ပိုင် ရုပ်ရှင်ထုတ်လုပ်ရေးဖြစ်တဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေးလုပ်ငန်းဘက်တွေမှာ အချိန်ဖြုန်းနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
”လက်ရှိမှာ ကျနော်တို့ ကုမ္မဏီက ရိုက်ထားတဲ့ ဇာတ်ကား ၇ ကားကို ရုံတင်ဖို့ရှိမယ်။ ရိုက်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက များနေတယ်။ ပြီးတော့ ရုံတင်ဖို့ရက်တွေ စောင့်နေရတာတွေလည်း ရှိတယ်။ ဇာတ်ကား ၇ ကား ရှိတယ်။ အဲဒီလိုမျိုးပေါ့”
“ရုပ်ရှင်ကျတော့လည်း ကျနော် မကြိုက်တဲ့ ဇာတ်လေးတွေဆို မရိုက်ဖြစ်တာနဲ့ ကာရိုက်တာရွေးတာနဲ့ လာကမ်းလှမ်းတဲ့ဟာကို မရိုက်ဖြစ်တာများပါတယ်။ ပြီးတော့ ကျနော့် အစ်ကိုအလတ်ရဲ့ စီးပွားရေးလုပ်ငန်းမှာဝင်ပြီးလုပ်ပေးဖြစ်နေတယ်။ ကျနော့်မိသားစုက ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး ၂ ခုရှိတာဆိုတော့ ဆောက်လုပ်ရေးဘက်မှာ အချိန်ဖြုန်းနေတာများပါတယ်”လို့ နေမင်းက ဆိုပါတယ်။
အချစ်ရေးဘက်မှာ ကံမကောင်းတဲ့ နေမင်းက တယောက်တည်းနဲ့ ဘဝကိုဖြတ်သန်းနေပြီး အနုပညာတွေကိုပဲ လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက်တော့ အကောင်းဆုံးကြိုးစားပြီး တင်ဆက်သွားမယ်လို့ ဆိုပါတယ်။
“အခုတော့ ကျနော်တယောက်တည်း အေးအေးဆေးဆေးပဲ ဖြတ်သန်းနေတယ်။ အချစ်ရေးဘက်မှာ ကံမကောင်းဘူး။ အခုချိန်မှာတော့ တယောက်တည်းနဲ့ပဲ ဘဝကိုဖြတ်သန်းရမှာပါ။ လူပျိုကြီးလို့လည်းခေါ်နေကြပါပြီ။ ဦးလေးအရွယ်လည်း ရောက်နေပါပြီ။ အနုပညာတွေကိုပဲ လုပ်ခွင့်ရသလောက်၊ လုပ်နိုင်သလောက်တော့ အကောင်းဆုံးကြိုးစားပြီး တင်ဆက်နေပါမယ်” လို့ နေမင်းက ပြောပါတယ်။
“အနုပညာနဲ့ ရှင်သန်လာတဲ့ လူတယောက်ဖြစ်တဲ့အတွက် တချိန်ချိန်အနုပညာတွေ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာရင် ပြန်ပြီးတော့ကြိုးစားဖြစ်မှာပါ။ အရင်တုန်းကတော့ လူငယ်လည်းဖြစ်တယ်။ စိတ်အားလူအားပြည့်စုံတုန်းကတော့ ကြိုးစားပြီးရိုက်ခဲ့တယ်။ အခုအသက်လည်း ကြီးလာတာရော ရင့်ကျက်လာတော့ အရင်လောက် ရဲရင့်တဲ့စွန့်စားမှုတွေ မလုပ်ဖြစ်တော့တာကြောင့် အချိန်တွေကို အကျိုးရှိစွာ အသုံးချချင်တာကြောင့် စီးပွားရေးဘက်မှာ လုပ်ကိုင်နေတာပါ”လို့ နေမင်းက ဆိုပါတယ်။
သရုပ်ဆောင် နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပြီး “သိုက်ကလာတယ်၊ စကားမပြောဘူး” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါသေးတယ်။