ပရိသတ်အားပေးမှု ရရှိထားတဲ့ ဇဏ်ခီနဲ့ ခရစ္စတီးနားခီတို့လင်မယားနှစ်ဦးက တယောက်နဲ့ တယောက် နားလည်မှုနဲ့ ချစ်ကြတာကို တွေ့ရပါတယ်။ ဒီနေ့ အောက်တိုဘာ ၁၈ ရက်နေ့ ခရစ္စတီးနားခီရဲ့ မွေးနေ့ကိုလည်း ဇဏ်ခီက မွေးနေ့ဆုတောင်းစကားကို ရိုမန့်တစ်ဆန်ဆန် ဆုတောင်းပေးထားတဲ့အတွက် ပရိသတ်များက သဘောကျနေကြပါတယ်။
“အချစ်မွေးနေ့မှာ ပျော်ရွှင်ပါစေ။ အချစ်ရေကိုယ်က နတ်မိမယ်လေးတပါးကို ချစ်မိတဲ့ အညတရ တယောက်ပါ။ ကိုယ်တို့ပထမဆုံး တွေ့ခဲ့တဲ့အချိန်ကို မှတ်မိသေးတယ်။ ကိုယ်က ဖက်ရှင်အမြင်လုံးဝမရှိ၊ ဘဏ်အကောင့်ထဲမှာလည်း ဗလာနတ္ထိဖြစ်နေတဲ့ သူတယောက်။ မင်း ကိုယ့်ကို ဘာလို့ရွေးချယ်ခဲ့လဲဆိုတာ အခုထိ မသိသေးဘူး။ မြားနတ်မောင်ကမှားပြီး ပစ်မိလား မသိပါဘူး။ ကိုယ်က ကံအကောင်းဆုံးလူသားတယောက် ဖြစ်လာခဲ့တယ်။ မင်းကို ကိုယ်ချစ်တယ် ဘေဘီ။ စိတ်ကူးထားတဲ့ အိမ်မက်တွေကို အကုန်ပြည့်ဝပါစေကွာ” လို့ ဇဏ်ခီက ဆုတောင်းပေးထားပါတယ်။
ဇနီးဖြစ်သူရဲ့ မွေးနေ့အတွက်ကိုလည်း အောက်တိုဘာ ၁၈ ရက်နေ့ ညပိုင်း ၁၂ နာရီကျော်လောက်က မွေးနေ့ Surprise ပြုလုပ် ပေးခဲ့ပါသေးတယ်။ မွေးနေ့ရှင်ရဲ့ သူငယ်ချင်းတွေက မွေးနေ့ကိတ်ပေါ်မှာ Ryan Gosling ပုံနဲ့ မွေးနေ့ Surprise လုပ်ခဲ့တာ ကြောင့် ဇဏ်ခီတယောက် မနာလို ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အိမ်ထောင်သက်တမ်း ၁၂ နှစ်ကျော်လာပြီဖြစ်တဲ့ ခီစုံတွဲဟာ တယောက်နဲ့ တယောက် ဘယ်နေရာသွားသွား တပူးပူး တတွဲတွဲရှိပြီး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုလည်း ဖြစ်ပါတယ်။ ဇဏ်ခီတို့ မိသားစုဟာ အလှူအတန်းတွေလည်း မကြာခဏလုပ်ဖြစ်သလို အလုပ်ကိစ္စနဲ့ ခရီးတွေလည်း ထွက်ဖြစ်နေပါတယ်။
သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကတော့ ” ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ စပြီး မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ စတင်ထိတွေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ဒါရိုက်တာ ခရစ္စတီးနားခီရိုက်တဲ့ “မုဒြာရဲ့ ခေါ်သံ” ဆိုတဲ့ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီးကလည်း အောင်မြင်ခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ဒါရိုက်တာ ခရစ္စတီးနားခီက “Now & Ever” ဆိုတဲ့ ရုပ်ရှင်ကားအတွက် ရိုက်ကူးရန် ပြင်ဆင်နေပြီး သရုပ်ဆောင်အသစ်များလည်း ခေါ်ယူကာ ရိုက်ကူးရေးအတွက် ကြိုတင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
“Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ
“Now & Ever” ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ
သရုပ်ဆောင် ဇဏ်ခီအတွက် ဇနီးဖြစ်သူ ခရစ်စတီးနားခီရဲ့ မွေးနေ့ဆုတောင်း
သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား