ဒီတပတ် မိတ်ဆက်ပေးချင်တဲ့ ရုပ်ရှင်က၂၀၁၅ ခုနှစ်က ထွက်ရှိထားပြီး ဒါရိုက်တာ Karan Malhotra ရိုက်ကူးထားတဲ့ အိန္ဒိယ Sports Drama ရုပ်ရှင် “Brothers: Blood Against Blood” ဖြစ်ပါတယ်။ ဒီဇာတ်ကားက ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် ” Warrior” ကို တရားဝင် ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေ အနေနဲ့ မင်းသားကြီး Akshay Kumar နဲ့ မင်းသား Sidharth Malhotra တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များအဖြစ် မင်းသားကြီး Jackie Shroff, မင်းသမီး Shefali Shah နဲ့ မင်းသမီး Jacqueline Fernandez တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာ လမ်းပေါ်က တိုက်ခိုက်ပွဲတွေကို တရားဝင် တိုက်ခိုက်ပွဲ (R2F -Right 2 Fight) ကြိုးဝိုင်းထဲက အားကစားပြိုင်ပွဲတွေအဖြစ် ပြောင်းလဲပေးဖို့ အိန္ဒိယနိုင်ငံမှာ ကြိုးပမ်းနေရတဲ့ အချိန်ကာလပါ။ အဲဒီအချိန်မှာ တိုက်ခိုက်သူ (Fighter) တွေကို တရားဝင် အသိအမှတ် မပြုတဲ့အတွက် ဖမ်းဆီး ထောင်ချလို့ရတဲ့ အနေအထားပါ။
တိုက်ခိုက်ရတာ ဝါသနာပါတဲ့ တိုက်ခိုက်သမားတွေ အနေနဲ့ တရားဝင် အားကစားပွဲတွေမှာ ကစားရတာ မဟုတ်ဘဲ လမ်းပေါ်က တိုက်ခိုက်ပွဲတွေမှာသာ တိုက်ခိုက်ရဲ့ အနေအထားမျိုးပါ။
တချိန်က တိုက်ခိုက်ရေးသမားကောင်း အဖြစ် နာမည်ကြီးခဲ့တဲ့ ဂယ်ရီဟာ ဇနီးကို သတ်ခဲ့မှုအတွက် ထောင်ကျနေခဲ့ပြီး သူထောင်ကထွက်လာတဲ့ ရက်မှာ သားအငယ် ဖြစ်သူ မွန်တီက လာရောက် ကြိုခဲ့ပါတယ်။ ထောင်က ထွက်ထွက်လာချင်း ဖခင်ဖြစ်သူ ဂယ်ရီက သူ့သားအကြီး ဒေးဗစ် မလာဘူးလားလို့ မျှော်လင့်တကြီး မေးတဲ့အခါ မွန်တီ မျက်နှာ အနည်းငယ် ပျက်သွားပါတယ်။
ဒီလိုနဲ့ ဂယ်ရီနဲ့ မွန်တီတို့ သားအဖ အိမ်ပြန်ရောက်တဲ့အခါ အိမ်ထဲကို ဝင်ဝင်ချင်း အိမ်မရောက်တာ နှစ်အတော်ကြာပြီဖြစ်တဲ့ ဂယ်ရီက သူတို့ မိသားစုတွေ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရတွေကို ပြန်သတိရပြီး သူ့ကြောင့် အမှတ်မထင် သေဆုံးခဲ့ရတဲ့ သူ့ဇနီးကို အောက်မေ့တမ်းတ လွမ်းဆွတ်နေပါတယ်။ တပြိုင်တည်းမှာပဲ သူ သိပ်ချစ်ရတဲ့ သူ့ရဲ့သားကြီး ဒေးဗစ်ကိုလည်း သတိရလာပါတယ်။
ဒေးဗစ်ကတော့ သူ့အဖေ့ဆီက ရထားတဲ့ တိုက်ခိုက်ခြင်း အတတ်ပညာအမွေ ရှိပေမယ့် သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ သူ့သမီးလေးမှာ မွေးရာပါ ကျန်းမာရေးချို့တဲ့မှုကြောင့် သူတို့ မိသားစုဘဝ ရပ်တည်ဖို့ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ကျောင်းဆရာ အလုပ်ကို လုပ်ပေမယ့် ရတဲ့လခနဲ့ မလုံလောက်တာကြောင့် လမ်းပေါ်က တိုက်ခိုက်ပွဲတွေမှာ ဝင်ကစားရင်း အပို ဝင်ငွေရှာကာ သမီးကျန်းမာရေးကို ဒေးဗစ်က ထောက်ပံ့နေရပါတယ်။
တနေ့မှာ ဒေးဗစ်ရဲ့ ဖခင်ဖြစ်သူ ဂယ်ရီက သူ့ကြောင့် သေဆုံးခဲ့ရတဲ့ ဇနီးဖြစ်သူအပေါ် ကျူးလွန်ခဲ့မိတဲ့ အမှားတွေအပေါ် ခွင့်လွှတ်မှုကို ခံယူလိုတာကြောင့် ဒေးဗစ်အိမ်ရှေ့ကို တိတ်တဆိတ် လာရောက်ကာ ဒေးဗစ်ကို အဖေတယောက် အနေနဲ့ လာတောင်းပန်ခဲ့ပါတယ်။ အဖေကို ခါးခါးသီးသီး နာကျည်းနေတဲ့ ဒေးဗစ်က လုံးဝ ခွင့်မလွှတ်နိုင်သလို ဖခင် ဂယ်ရီကို အိမ်ရှေ့ကနေ မောင်းထုတ်ခဲ့ပါတယ်။
ဒေးဗစ်ရဲ့ ညီဖြစ်သူ မွန်တီကလည်း တိုက်ခိုက်ရေးမှာ ဝါသနာပါတဲ့ ဖအေတူ သားတယောက်ဖြစ်ပြီး သူကလည်း လမ်းပေါ်က စိန်ခေါ်တိုက်ခိုက်ပွဲတွေမှာ အနိုင်နဲ့ တိုက်ခိုက်နိုင်သူပါ။ ဒီလိုနဲ့ တနေ့မှာ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ကြိုးဝိုင်းထဲက တိုက်ခိုက်ပွဲတွေ (R2F ပြိုင်ပွဲတွေ) တရားဝင်လာတဲ့အခါ ဒီအားကစားပြိုင်ပွဲကို နိုင်ငံအဆင့် ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတယ်။
ပြိုင်ပွဲအတွက် ဒေးဗစ်နဲ့ မွန်တီတို့ရဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေကို ဒါရိုက်တာက မတူညီတဲ့ ရှုထောင့်ကနေ ပညားသားပါပါနဲ့ သဘာဝကျကျ ရိုက်ပြထားပါတယ်။ နှစ်ဦးစလုံး ဒီပြိုင်ပွဲကို ပြိုင်ဖို့ ရည်ရွယ်ချက်ချင်း မတူသလို သူတို့နှစ်ဦး ဒီပြိုင်ပွဲမှာ ဆုံတွေ့ရလိမ့်မယ်လို့ တယောက်နဲ့ တယောက် မသိထားကြပါဘူး။
အိန္ဒိယနိုင်ငံ တနိုင်ငံလုံးကလည်း ဒီပြိုင်ပွဲမှာ ဘယ်သူတွေ ဝင်ရောက်ယှဉ်ပြိုင် တိုက်ခိုက်ကြမယ်ဆိုတာကို ပြိုင်ပွဲနီးတဲ့အထိ မသိရသေးဘဲ ပြိုင်ပွဲရက် စတင်ခါနီးမှသာ အားလုံး သိခဲ့ကြတာပါ။ တကယ့် ပြိုင်ပွဲနေ့မှာ ကမ္ဘာကျော် တိုက်ခိုက်ရေး ကစားသမားတွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်ရမယ့် အိန္ဒိယ တိုက်ခိုက်ရေး သမားတွေအတွက်တော့ စိတ်လှုပ်ရှားစရာပါပဲ။
အပြင်းအထန် လေ့ကျင့်မှုတွေ ပြုလုပ်ထားပြီး ဖခင်ရဲ့သွေးအပြည့်ပါတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ စိန်ခေါ် တိုက်ခိုက်မှုတွေကို တပွဲပြီး တပွဲမှာ ရင်တထိတ်ထိတ်နဲ့ သွေးသံရဲရဲ ကြည့်ရှုရမှာပါ။ ဘယ်သူက အနိုင်ရပြီး ဘယ်သူက အရှုံးပေးမလဲဆိုတာ ဇာတ်လမ်းမှာ ထင်မထားတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ဆက်လက် ကြည့်ရှုရမှာပါ။
ဒီဇာတ်ကားဟာ “Sports Drama” ဆိုတဲ့အတိုင်း အားကစား လေ့ကျင့်မှုတွေကို သေသေချာချာ ရိုက်ပြထားသလို မိသားစုတွေကြားက သံယောဇဉ်၊ ချစ်ခြင်း မေတ္တာတွေကိုလည်း ထိထိမိမိ ရိုက်ပြထားပါတယ်။
ဇာတ်လမ်းတခုလုံး စိတ်လှုပ်ရှားစရာ၊ ဝမ်းနည်းစရာ၊ ချစ်ခြင်းမေတ္တာ စတဲ့ ခံစားချက်မျျိုးစုံကို အပြည့်အဝ ခံစားရပြီး သူတို့ဘဝ ဖြတ်သန်းပုံတွေကိုလည်း နောက်ခံ သီချင်းကောင်းကောင်းတွေနဲ့ သဘာဝကျကျ ရိုက်ပြထားပါတယ်။ IMDb Rating (6.7) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်။