Halloween (2018) ရုပ်ရှင် မြောက်အမေရိကရုံဝင်ငွေစာရင်းမှာ နံပါတ် ၁ နေရာရောက်ရှိ
Halloween (2018) ရုပ်ရှင်ဟာ မြောက်အမေရိက ရုံဝင်ငွေစာရင်းမှာ ခန့်မှန်းထားတဲ့အတိုင်း အောင်မြင်မှု ရရှိခဲ့တာကို တွေ့ရပါတယ်။ သည်းထိတ်ရင်ဖို အတွဲလိုက်ရုပ်ရှင်စီးရီးရဲ့ ပထမဆုံး ရုပ်ရှင်ဟာ ခန့်မှန်းချေ ဒေါ်လာ ၇၇ ဒဿမ ၅ သန်းရရှိခဲ့ပြီး နံပါတ် ၁ နေရာမှာ ပွဲဦးထွက်ခဲ့ပါတယ်။
အဲဒါကြောင့် ၁၉၇၈ ခုနှစ်မှာ ဒါရိုက်တာ John Carpenter ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်နဲ့ စတင်ခဲ့တဲ့ အဖွင့်လှခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။
အခုလိုမျိုး စတင်ပြသတဲ့သီတင်းပတ်မှာပဲ ဝင်ငွေအများဆုံးဖြစ်ခဲ့ရတာကြောင့် အဖွင့်သီတင်းပတ်မှာ ဒေါ်လာ ၁၂၃ သန်းရရှိခဲ့တဲ့ “It” ရုပ်ရှင်နောက်ပိုင်း အဖွင့်ဝင်ငွေ ဒုတိယမြောက်အကောင်းဆုံး သည်းထိတ်ရင်ဖို ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
အခုလအစောပိုင်းမှာ ဒေါ်လာ ၈ဝ ဒဿမ ၃ သန်းနဲ့ ဖွင့်ခဲ့တဲ့ “Venom (2018)” ရုပ်ရှင်နောက်ပိုင်း အောက်တိုဘာလ အတွင်းမှာ အဖွင့်ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
မင်းသမီး Jamie Lee Curtis က လူသတ်ကောင် Michael Myers ရဲ့ အသက်ရှင်ကျန်ရစ်သူ သားကောင် Laurie Strode အဖြစ် ပြန်လည်ပါဝင်ထားပါတယ်။ အဲဒီရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့် မင်းသမီးက “ကောင်းပြီလေ။ ကျမ ကြွားဖို့ ပို့စ်တခု တင်လိုက်ဦးမယ်” လို့ပြောကြားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ် မင်းသမီးဟာ အသက် ၅၅ ကျော်ခဲ့တဲ့ မင်းသမီးတွေရဲ့ ရုပ်ရှင်တွေထဲမှာ အဖွင့်သီတင်းပတ် ဝင်ငွေ အကောင်းဆုံး ရုပ်ရှင်မှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။
“Halloween” ရုပ်ရှင်အသစ်ရဲ့ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုဟာ ဝေဖန်သူတွေရဲ့ သုံးသပ်ချက်တွေကို အကောင်းမြင်စေ အထိ ပဲ့တင်ရိုက်ခတ်ခဲ့ပါတယ်။ ရုပ်ရှင်အမှတ်ပေး Rotten Tomatoes ဝက်ဘ်ဆိုက်မှာ ၈၀ ရာခိုင်နှုန်း အကောင်းမြင် မှတ်ချက်ပေးထားပြီး CinemaScore မှာတော့ B+ အဆင့်သတ်မှတ်ထားပါတယ်။
သည်းထိတ်ရင်ဖို ပွဲတော်ကျင်းပဖို့ ၁၀ ရက်လောက်ပဲ လိုတော့တဲ့အချိန်မှာ ပထမဆုံးသီတင်းပတ်နောက်ပိုင်း လူကြည့်နှုန်းနည်းသွားတတ်တဲ့ သာမန် သည်းထိတ်ရင်ဖို ရုပ်ရှင်တွေထက်တော့ အချိန်ကြာကြာ ရပ်တည်နိုင်ဦးမယ်လို့ မျှော်လင့်ရပါတယ်။
ဒါ့အပြင် “A Star Is Born” ရုပ်ရှင်ဟာ ဒေါ်လာ ၁၉ ဒဿမ ၃ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အဲဒီနောက်မှာ “Venom (2018)” ရုပ်ရှင်က ဝင်ငွေ ဒေါ်လာ ၁၈ ဒဿမ ၁ သန်းနဲ့ ရပ်တည်နေပါတယ်။
“Goosebumps 2: Haunted Halloween” ရုပ်ရှင်ဟာ ခန့်မှန်းချေ ဒေါ်လာ ၉ ဒဿမ ၇ သန်းနဲ့ နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။ အကောင်းမြင်မှတ်ချက်တွေရှိနေပေမယ့် “First Man” ရုပ်ရှင်ဟာ ဒုတိယမြောက် သီတင်းပတ်မှာပဲ နံပါတ် ၃ ကနေ ၅ အထိ ဆင်းသွားတာကိုတွေ့ရပါတယ်။
Ref: aceshowbiz