Netflix ကနေ ပြသခဲ့တဲ့ “The Haunting of Hill House” ဇာတ်လမ်းတွဲဟာ စာရေးဆရာ Stephen King ရဲ့ ချီးကျူးမှုကို ခံခဲ့ရတဲ့အတွက် ဒါရိုက်တာ Mike Flanagan က စိတ်ကူးယဉ်ဆန်ပြီး ထူးခြားတဲ့အကြောင်း ပြောဆိုလိုက်ပါတယ်။
အသက် ၇၁ နှစ်အရွယ် စာရေးဆရာကြီး King ဟာ ဒါရိုက်တာ Flanagan ရဲ့ လက်ရာ ဇာတ်လမ်းတွဲဟာ ပါရမီရှင်တဦးရဲ့ လုပ်ဆောင်မှုနဲ့ ခပ်ဆင်ဆင်တူတယ်လို့ ခေါ်ဆိုခဲ့ပါတယ်။
စာရေးဆရာကြီးရဲ့ စကားတွေကို တုံ့ပြန်တဲ့အနေနဲ့ ဒါရိုက်တာ Flanagan က “အဲဒါဟာ ရူးလောက်စရာပါပဲ၊ ပြီးတော့ ကျနော်က ဆရာကြီး Steve နဲ့ စကားလုံးဝမပြောဖူးပါဘူး။ တချိန်လုံး အီးမေးလ်ပဲ ပို့နေကြပါတယ်။ ပြီးတော့ ကျနော်သူ့ကို မတွေ့ဖူးဘူး။ သူဟာ ကျနော် ကလေးဘဝကတည်းက သူရဲကောင်းတယောက် ဖြစ်ခဲ့ပါတယ်” လို့ Entertainment Weekly ကို ပြောကြားခဲ့ပါတယ်။
အခုလိုမျိုး စာရေးဆရာကြီးဟာ သူ့ရဲ့ ဇာတ်လမ်းတွဲကို ကြည့်ရှုလိမ့်မယ်လို့ ထင်မထားကြောင်း၊ ဇာတ်လမ်းအကြောင်း ပြောပြခဲ့ဖူးတာလည်း မရှိတဲ့ အကြောင်း၊ အခုလိုမျိုး ဇာတ်လမ်းတွဲကို ကြိုက်နှစ်သက်တဲ့အတွက် အထူးပျော်ရွှင်မိတဲ့အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာ သရဲခြောက်တယ်လို့ နာမည်အကြီးဆုံးနေရာတခုကို ကလေးတွေနဲ့အတူ ရောက်ရှိလာတဲ့ မိသားစုတခုအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ မြီးကောင်ပေါက်အရွယ်ရောက်နေတဲ့ အဲဒီကလေးတွေဟာ အဲဒီကြောက်မက်ဖွယ်ဖြစ်ရပ်ကို အတူတူရင်ဆိုင်ကြပြီး သူတို့ရဲ့ အတိတ်ကာလတုန်းက တစ္ဆေသရဲတွေနဲ့ ရင်ဆိုင်ကြရမှာလည်း ဖြစ်ပါတယ်။
Netflix ကတော့ ” The Haunting of Hill House” ဇာတ်လမ်းတွဲရဲ့ ဒုတိယမြောက် ရာသီဆက်လက်ရိုက်ကူးဖို့ မဆုံးဖြတ်ရသေးပေမယ့် ဒါရိုက်တာကတော့ Crain မိသားစုရဲ့ ဇာတ်လမ်းကို တည်ခဲ့ပြီး ဖြစ်တဲ့အကြောင်း ပြောဆိုထားပါတယ်။
“Netflix ၊ Paramount နဲ့ Amblin တို့က နောက်ထပ်ဇာတ်လမ်းတွဲ ဆက်ရိုက်ပါလို့ မပြောမချင်း သိပ်ပြီး စဉ်းစားနေမှာမဟုတ်ပါဘူး။ ကျနော် ပြောနိုင်တာတခုက Crain မိသားစုရဲ့ ဇာတ်လမ်းကို ချပြခဲ့ပြီးဖြစ်ပေမယ့် တခြားသီးသန့်နေရာမျိုးမှာ မတူညီတဲ့ပုံစံမျိုးနဲ့ ဆက်ရိုက်မှာကိုတော့ စိတ်ပူမိပါတယ်။ ဇာတ်လမ်းကို အဆက်နဲ့ ရိုက်မယ်ဆိုတဲ့ အတွေးကို ကျနော်သဘောကျပါတယ်။ ကျနော့်အတွက်တော့ အဲဒီဇာတ်လမ်းအတွက် အလုပ်လုပ်ပေးခဲ့သူအားလုံးနဲ့ အဲဒီမိသားစုကို အမှတ်ရနေစေချင်တာပါ” လို့ ဒါရိုက်တာက ပြောကြားခဲ့ပါတယ်။
Ref: indianexpress