ကိုယ်ဝန် ၄ လရှိပြီဖြစ်တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းက ကိုယ်ဝန် ၂ လ ရတဲ့အချိန်ထိ ဇာတ်ကားတွေရိုက်ကူးနေခဲ့ပြီး ကိုယ်ဝန်ရပြီးနောက်ပိုင်း နေမကောင်းဖြစ်လာတာကြောင့် အနုပညာအလုပ်တွေ နားနေရတယ်လို့ ဆိုပါတယ်။
“အိမ်ထောင်ကျခါစမှာ ကလေး မယူသေးဘဲ အခု အိမ်ထောင်သက် ၈ လမှာ ယူလိုက်တာပေါ့။ ကိုယ်ဝန်ရပြီးမှ နေမကောင်းဖြစ်လာတယ်။ အဲ့အတွက် နားနေရတယ်။ တနေရာ သွားပြီးပြီဆိုရင်လည်း နားနေရတယ်။ အမျိုးသားကလည်း ဂရုစိုက်ပါတယ်။ ဘာစားချင်လဲ။ ဘာလုပ်ချင်လဲပေါ့။ အမျိုးသားကတော့ ယောကျာ်းလေးလိုချင်တယ်။ ပထမ တယောက်တော့ ဘာရရပေါ့။ နောက်မှ ကိုယ်လိုချင်တာ မရမချင်း ယူမယ်တဲ့”လို့ နန်းမြတ်ဖြိုးသင်းက ပြောပါတယ်။
အနုပညာအလုပ်တွေ ရပ်နားထားတဲ့ နန်းမြတ်ဖြိုးသင်းက လက်ရှိမှာ ကုန်ပစ္စည်း မိတ်ဆက်တွေလောက်သာတက်ပြီး အနုပညာလှုပ်ရှားမှု အနေနဲ့ ပြုလုပ်နေပြီး အရင်က ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ အနုပညာရှင်တဦးလည်း ဖြစ်ပါတယ်။
ပထမဆုံးရင်သွေးကို မိန်းကလေးလိုချင်တယ်လို့ ဆိုပြီး အမြွှာကလေးလည်းလိုချင်တဲ့ နန်းမြတ်ဖြိုးသင်းက ရင်သွေးနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“နန်းမြတ်ကတော့ မိန်းကလေး လိုချင်တယ်။ အမြွှာလေးလည်း လိုချင်တာပေါ့။ ဒါပေမယ့် ကံလည်းစပ်မှ မျိုးရိုးလည်းရှိမှ နှစ်ဖက်လုံးမှာလည်း အမြွှာ မရှိတော့ ရဖို့ နည်းပါတယ်။ အခုတော့ အစားမနည်းဝင်အောင် စားနေရတယ်။ ခံတွင်းလည်း ပျက်တယ်။ မူးလည်း အရမ်းမူးတယ်။ အခုကားရိုက်တွေ နားထားတယ်”
“အခြားအနုပညာလုပ်လေးတွေနဲ့ ပရိသတ်တွေကို ဆက်သွယ်ဖြစ်မှာပါ။ Due Date က ၂၀၁၉ ခုနှစ် ဧပြီလပါ။ အခုဆို ဗိုက်ဖုံးအင်္ကျီလေးတွေနဲ့ ဓာတ်ပုံရိုက်ချင်နေပြီ။ အခု ကိုယ်ဝန်က ၄ လ။ ဗိုက်က သိပ် မထွက်သေးဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ အားငယ်စိတ်တော့ မဖြစ်ဘူး။ အမျိုးသားကလည်း ဘေးမှာရှိနေတာပဲလေ။ အခုကတော့ နန်းမြတ်က အားရင် အိပ်နေတာပဲ။ တချိန်လုံးခေါင်းမူးတယ်ဆိုပြီး လှဲနေတာ”လို့ နန်းမြတ်ဖြိုးသင်းက ဆိုပါတယ်။
နန်းမြတ်ဖြိုးသင်း ဇာတ်ကားတွေမှာလည်း အကောင်းဆုံး သရုပ်ဆောင်ရိုက်ကူးခဲ့သလို နန်းသူဇာတို့အတူတွဲပြီး “Friend” ဆိုတဲ့ တေးစီးရီးကို ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ နန်းမြတ်ဖြိုးသင်းက ခင်ပွန်းဖြစ်သူ ကိုတာတာမျိုးနဲ့ ၂၀၁၇ ခုနှစ် အတွင်းက လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – ပထမဆုံး ရင်သွေးလေးကို လွယ်ထားရတဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း