မြောက်အမေရိကရုံဝင်ငွေ စာရင်းမှာ ဆက်လက်ဦးဆောင်နေတဲ့ "Halloween" ရုပ်ရှင်
Halloween (2018) ရုပ်ရှင်ဟာ ရုံဝင်ငွေစာရင်းမှာ အခုအချိန်အထိတော့ ပြိုင်ဖက် မရှိသေးပါဘူး။ မင်းသမီးကြီး Jamie Lee Curtis ပါဝင် သရုပ်ဆောင်ထားတဲ့ အဲဒီသည်းထိတ်ရင်ဖို ရုပ်ရှင်ဟာ ၁၉၇၈ ခုနှစ်တုန်းက ဖြန့်ချိခဲ့တဲ့ မူရင်းရုပ်ရှင်ကို နောက်ဆက်တွဲအနေနဲ့ ဆက်လက် ရိုက်ကူးထားတာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ကုန်ပိုင်းမှာလည်း နံပါတ် ၁ နေရာကို ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါရိုက်တာ David Gordon Green ရိုက်ကူးတဲ့ အဲဒီရုပ်ရှင်ဟာ ဒုတိယမြောက်သီတင်းပတ်မှာ ခန့်မှန်းချေ လက်မှတ် ဒေါ်လာ ၃၂ သန်းဖိုး ရောင်းချရခဲ့တယ်လို့ ခန့်မှန်းရပြီး လက်ရှိမှာတော့ မြောက်အမေရိကဒေသမှ ဒေါ်လာ ၁၂၆ ဒဿမ ၇ သန်း ရရှိထားပြီးလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက်နေ့မှာ စတင်ရုံတင်ပြသခဲ့ပြီး သီတင်းတပတ်အကြာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ ဒေါ်လာ သန်း ၁၀၀ ကျော်ရရှိသွားခဲ့ပြီးလည်း ဖြစ်ပါတယ်။
“Halloween” ရုပ်ရှင်ဟာလည်း နိုင်ငံတကာမှာလည်း ယှဉ်ပြိုင်မှုကို ဦးဆောင်နေပါတယ်။ နိုင်ငံရပ်ခြား ရုပ်ရှင် ဈေးကွက် ၄၇ ခုမှာ ဒေါ်လာ ၂၅ ဒဿမ ၆ သန်းရရှိခဲ့ပြီး “Venom (2018)” ရုပ်ရှင်ကို ကျော်တက်နိုင်ခဲ့ပါတယ်။ ကမ္ဘာတဝန်းကနေ ရရှိတဲ့ဝင်ငွေဟာ ဒေါ်လာ ၁၇၂ ဒဿမ ၃ သန်းရရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒေသတွင်း ရုံဝင်ငွေ စာရင်းမှာ နံပါတ် ၂ နေရာကို ရောက်နေတာကတော့ ဒေါ်လာ ၁၄ သန်းဝင်ငွေရရှိခဲ့တဲ့ “A Star Is Born” ရုပ်ရှင် ဖြစ်ပါတယ်။ ရုံတင်တာ စတုတ္ထ သီတင်းပတ် ရောက်ရှိလာချိန်မှာပဲ မင်းသား Bradley Cooper နဲ့ အဆိုတော် လေဒီဂါဂါတို့ ဦးဆောင် ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ လူစိတ်ဝင်စား နှုန်းမြင့်နေဆဲနဲ့ ဝင်ငွေကောင်းနေဆဲ ရုပ်ရှင်ဖြစ်နေဆဲပါ။
“Venom” ရုပ်ရှင်ကတော့ ခန့်မှန်းချေ ဒေါ်လာ ၁ဝ ဒဿမ ၈ သန်းနဲ့ တတိယမြောက် နေရာမှာ ရပ်တည်နေပါတယ်။ ပင့်ကူလူသား ရုပ်ရှင်ကနေ ခွဲထွက်လာတဲ့ အဲဒီရုပ်ရှင်မှာ မင်းသား Tom Hardy က ဦးဆောင်ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ ဒေါ်လာ ၅၀၈ ဒဿမ ၄ သန်းဝင်ငွေ ရရှိထားပြီးဖြစ်ပါတယ်။
“Goosebumps 2: Haunted Halloween” ရုပ်ရှင်ကတော့ ခန့်မှန်းချေ ဒေါ်လာ ၇ ဒဿမ ၅ သန်း ရရှိထားပြီး နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒီတပတ်မှ စတင်ရုံတင်တဲ့ “Hunter Killer” ရုပ်ရှင်ကတော့ ဝင်ငွေ ဒေါ်လာ ၆ ဒဿမ ၆ သန်းရရှိပြီး နံပါတ် ၅ နေရာမှာ ရှိနေပါတယ်။
မြောက်အမေရိကဒေသမှာ အခုသီတင်းပတ်ကမှစလို့ ရုံတင်တဲ့ “Johnny English Strikes Again” ရုပ်ရှင်ကတော့ ဒေါ်လာ ၁ ဒဿမ ၆ သန်းဝင်ငွေနဲ့ နံပါတ် ၁၂ နေရာမှာရှိနေပါတယ်။
Ref: aceshowbiz