သရုပ်ဆောင်၊ အဆိုတော် ထွန်းအိန္ဒြာဗိုလ်က သရုပ်ဆောင် အလုပ်ကနေ အနားယူတော့မယ်လို့ ဆိုတဲ့ သတင်းကြောင့် ဒီသတင်းက မမှန်ဘဲ သရုပ်ဆောင်အလုပ်ကို လုံးဝ ရပ်လိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျမပြောတာကိုတော့ သတင်းကို လိပ်ပတ်လည်အောင်ရေးဖို့ ကောင်းတယ်။ လိပ်ပတ်မလည်တော့ ကျမ Fanတွေလည်း အရမ်းဝမ်းနည်းရတယ်။ စိတ်မကောင်းလို့ ငိုကြတဲ့ Fan တွေ အများကြီးပေါ့။ ကျမ စိတ်မကောင်းဖြစ်ရပါတယ်။ ကျမ အသက်ကြီးတယ်လို့ပြောရင် ကျမ Fan တွေက လက်မခံဘူး။ တချိန်လုံး Messenger တွေမှာ ရန်လာတွေ့ကြတယ်”
“ဇရာဆိုတာ အားလုံးကို ဖျက်ဆီးတယ်။ ရုပ်တွေရော စိတ်တွေရော ဖျက်ဆီးတယ်။ ငယ်ငယ်က အရမ်းတက်ကြွရတဲ့ အသက်အရွယ်တွေ ကျော်လွန်ခဲ့ပြီ။ လုပ်သင့်တာထက် လုပ်ချင်စိတ်တွေနဲ့ အများကြီးလုပ်ခဲ့တာတွေ ကျော်လွန်ခဲ့ပြီ။ ဒီအသက်အရွယ်မှာ လုပ်သင့်တာကို မနည်းကြိုးစားပြီး လုပ်နေရတဲ့ အနေအထားတွေ ဖြစ်နေတာပေါ့။ ကျမအတွက် ဝန်လေးလာတာလည်း ပါပါတယ်” လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။
ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေ မလုပ်ကိုင်တော့ဘူး ရပ်နားလိုက်ပြီလို့ မီဒီယာတခုက ရေးသားခဲ့တာကြောင့် ပရိသတ်နဲ့ ထွန်းအိန္ဒြာဗိုလ်ကြား နားလည်မှုများ လွဲခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။
“အဲ့အတွက် ကျမ အရမ်းကိုရွေးချယ်ပြီး ရိုက်ဖြစ်မှာပါ။ ကျမ ရင်ထဲမှာ တကယ်လုပ်ချင်တဲ့ ဇာတ်မျိုးပဲ ရိုက်ချင်တော့တယ်။ ကျမတို့ အလုပ်က တုံးတိကြီး ရပ်လိုက်လို့ရတဲ့ သဘောလည်း မရှိပါဘူး။ ကျမ စိတ်ပါတဲ့ ဇာတ်လေးတွေနဲ့ အနုပညာတွေ လုပ်နေဦးမှာပါ။ ဆက်ဆံရေးကတော့ ဘယ်သူပေါ်မှာမှ ဘာမှမဖြစ်ပါဘူး။ အလုပ်လုပ်တယ်ဆိုတာ ဖြေရှင်းရတာလေးတွေ နားလည်မှုလွဲတာလေးတွေ ညှိနှိုင်းရတာလေးတွေ အမြဲရှိနေမှာပဲ။ ဒီအတွက် စိတ်ဆိုးစရာ မလိုပါဘူး”လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
သီချင်းအသစ်တွေ မလုပ်ဖြစ်တာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ်က အနုပညာအလုပ်တွေကို ခပ်ကျဲကျဲလုပ်မှာဖြစ်ပြီး အခု အားနေချိန်မှာ တရားအားထုတ်တာပဲ လုပ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“လတ်တလောတော့ အနုပညာလှုပ်ရှားမှုတွေ အနေနဲ့ ဘာမှ မရှိပါဘူး။ ဒီဇင်ဘာမှာ ကျမ အရမ်းကြိုက်တဲ့ ဇာတ်ကို မေမြို့မှာ အချိန်ပေးပြီးသွားရိုက်မယ်။ ကျမရိုက်ဖူးနေကျ ဇာတ်ရုပ်မျိုး မဟုတ်ဘူး” လို့ ထွန်းအိန္ဒြာဗိုလ်က ဆိုပါတယ်။
သီချင်းပိုင်းနဲ့ပတ်သက်လို့လည်း ထွန်းအိန္ဒြာဗိုက သီချင်းတွေကို အွန်ုလိုင်းနေတင်ပေးဖို့ ရှိပြီး စိတ်ကြိုက်သီချင်း မရသေးတာကြောင့်လို့ ဆိုပါတယ်။
“သီချင်းတွေက စိတ်ကြိုက်မရနိုင်သေးဘူး။ ကျမ ဆိုနိုင်တဲ့ limit က နည်းတော့ သီချင်းတိုင်းက ကိုယ်ဆိုလိုက်ရင် ကောင်းဖို့လိုတော့ ကိုယ်တိုင် စိတ်တိုင်းမကျတဲ့ သီချင်းဖြစ်တော့ တင်ပေးဖို့ ခဲယဉ်းတာပေါ့။ ရွေးချယ်နေတာ ပါပါတယ်။ ကလေးတွေ သီချင်းဟောင်းတွေကို cover song အဖြစ် ပြန်ဆိုကြတယ်။ အရမ်းဝမ်းသာစရာ ကောင်းတယ်။ ချီးကျူးစရာကောင်းတယ်”
“ကျမ ကိုယ်တိုင်တောင် update လုပ်ရမယ့် သီချင်းလေးတွေကို သူတို့လေးတွေ ပြန်ဆိုကြတာ အရမ်းကောင်းပါတယ်။ သီချင်းတွေ စိစစ်နေလို့ မထွက်တာ ၁၅ နှစ်တောင် ရှိပြီ။ အခု အလုပ်တွေ ခပ်ကျဲကျဲ လုပ်ဖြစ်ပြီး အခု အားနေချိန်မှာ တရားအားထုတ်တာ လုပ်ဖြစ်နေတယ်။ အရင်တုန်းကတော့ ရိပ်သာအများကြီး ဝင်ဖြစ်တယ်။ အခုတော့ အိမ်မှာ တရားတွေ နာဖြစ်တယ်”လို့ ထွန်းအိန္ဒြာဗိုလ်က ပြောပါတယ်။
ထွန်းအိန္ဒြာဗိုလ်ဟာ ဂီတပိုင်းမှာ သီချင်းအခွေတွေ အများကြီး ထွက်ရှိထားသလို ရုပ်ရှင်ဘက်မှာလည်း ၁၉၉၉ခုနှစ်မှာ “နှောင်းတမြေ့မြေ့” ၊ ၂၀၀၃ခုနှစ်မှာ “အမေ့နို့ဖိုး” ၊ ၂၀၀၅ ခုနှစ်မှာ “မိုးကုတ်စက်ဝိုင်းကို ကျော်လွန်၍” စတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ကိုပိုင်ဆိုင်နိုင်ခဲ့သူ တဦးဖြစ်ပါတယ်။