ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး ရုပ်ရှင် “Avatar” ရဲ့နောက်ဆက်တွဲ ရုပ်ရှင်ကားကို ကြည့်ရှုရဖို့ ပရိသတ်တွေဟာ ဆယ်စုနှစ် တခုကျော်ကြာ စောင့်ဆိုင်းနေခဲ့ရပေမယ့် နောက်ဆက်တွဲ ရုပ်ရှင်တွေကိုလည်း အခုလိုမျိုး အချိန်အကြာကြီး စောင့်ဆိုင်းနေစရာ မလိုတော့ပါဘူး။
ယခင်က သတင်းတွေမှာ ပါခဲ့သလို ဒါရိုက်တာကြီး James Cameron ဟာ နောက်ဆက်တွဲ ရုပ်ရှင်တွေကို ဆက်လက်ရိုက်ကူးနေပြီး ပဉ္စမမြောက် ရုပ်ရှင်ရိုက်ကူးပြီးစီးတဲ့အထိ တခြားရုပ်ရှင်ကို ရိုက်ကူးမယ့် အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။
နောက်ဆက်တွဲရုပ်ရှင်တွေမှာ ပြန်လည်ပါဝင်လာမယ့် မင်းသမီး Sigourney Weaver က သူ့အနေနဲ့ ပထမဆုံး နောက်ဆက်တွဲ ရုပ်ရှင်နှစ်ကား ရိုက်ကူးရေး ပြီးစီးခဲ့ပြီဖြစ်တဲ့ အကြောင်းနဲ့ စတုတ္ထနဲ့ပဉ္စမမြောက် ရုပ်ရှင်တွေကို ရိုက်ကူးရေးစတင်နေပြီ ဖြစ်တဲ့အကြောင်း The Hollywood Reporterနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့ပါတယ်။
မင်းသမီး Weaver က “ကျမတို့ ဒုတိယနဲ့ တတိယရုပ်ရှင် ရိုက်ကူးရေး ပြီးစီးခဲ့ပါပြီ။ L.A မှာ ရိုက်ကူးခဲ့တာပါ။ ‘Avatar 4’ ရုပ်ရှင်တွေနဲ့လည်း ကျမ အလုပ်ရှုပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ပထမဆုံး ရုပ်ရှင်မှာ သူ့ရဲ့ ဇာတ်ကောင်ဒေါက်တာ Grace Augustine သေဆုံးခဲ့ပြီးဖြစ်တဲ့အတွက် ပရိသတ်တွေကြားမှာ မင်းသမီးပြန်လည် ပါဝင်လာမယ့် ကိစ္စရပ်အပေါ် မေးခွန်းတွေ မေးမြန်းလာကြပါတယ်။ ရုပ်ရှင်မင်းသမီး Weaver က နောက်ဆက်တွဲ ဇာတ်လမ်းတွေမှာ ဇာတ်ကောင်အသစ်နဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် အသေးစိတ် အချက်အလက်ကိုတော့ မသိရသေးပါဘူး။
နောက်ဆက်တွဲ ဇာတ်လမ်း တခုစီတိုင်းမှာ မတူကွဲပြားတဲ့ ဇာတ်ကောင်တွေကိုသရုပ်ဆောင်မှာပါလားဆိုတဲ့ မေးခွန်းကိုတော့ သူက “မဟုတ်ပါဘူး။ ဆက်တိုက်ပါဝင်မယ့် ဇာတ်ကောင်တခုဖြစ်ပါတယ်”လို့ ဖြေဆိုထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ ဇာတ်ကောင်အသစ်ဟာ အရင်ဇာတ်ကောင် အဟောင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့လည်း ဖြေကြားထားပါတယ်။
ပထမဆံ ေးနောက်ဆက်တွဲ ရုပ်ရှင်နှစ်ကားမှာတော့ ရေအောက်မှာ ရိုက်ကူးခဲ့ရတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ မင်းသမီးက ရုပ်ရှင်ရိုက်ကူးရေးအတွက် ပြင်ဆင်တဲ့နေရာမှာ အလွတ် ရေငုပ်နည်းကို သင်ယူခဲ့ရတဲ့ အကြောင်းလည်းပြောဆိုထားပါတယ်။ မင်းသမီးက ရေနဲ့ နီးတဲ့နေရာမှာကြီးပြင်းခဲ့သူဖြစ်ပြီး ဟာဝိုင်ရီက အမျိုးသားတယောက်ကို လက်ထပ်ထားသူဖြစ်တာကြောင့် ရေကူးကျွမ်းကျင်တဲ့အတွက် ကံကောင်းသူဟု ဆိုနိုင်ကြောင်း အရွှန်းဖောက် ပြောဆိုထားပါသေးတယ်။
အဲဒီနောက်ဆက်တွဲ ရုပ်ရှင်တွေထဲမှာ မင်းသမီး Weaver အပြင် Sam Worthington, ZoeSaldana, Stephen Lang, CCH Pounder, Joel David Mooreand Matt Gerald တို့လည်းပြန်လည်ပါဝင်လာကြဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Titanic မင်းသမီး ကိတ်ဝင်းစလက်နဲ့ မင်းသား Cliff Curtisတို့လည်း ထပ်ဆောင်း ပါဝင်လာကြဦးမှာဖြစ်ပါတယ်။
ပထမဆုံး နောက်ဆက်တွဲရုပ်ရှင် “Avatar 2” ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကြည့်ရှုကြရမှာပါ။ အဲဒီနောက် တနှစ်အကြာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ “Avatar 3” ကို ရုံတင်မှာဖြစ်ပါတယ်။ “Avatar 4: ရုပ်ရှင်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့မှာ ရုံတင်မှာဖြစ်ပြီး
Avatar 5” ကတော့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ဖြန့်ချိမှာဖြစ်ပါတယ်။
Ref: aceshowbiz