ရှေးယခင်တည်းက နာမည်ကျော် သရုပ်ဆောင် မင်းသမီးအဖြစ် အောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင် ဒေါ်မြင့်မြင့်ခင်က ယနေ့ခေတ် အမျိုးသမီးလေးတွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ ကလန်ကဆန် မလုပ်ဘဲ မြန်မာ့ယဉ်ကျေးမှု ကို ထိန်းသိမ်းစေချင်တယ်လို့ ဆိုပါတယ်။
“အမေပြောချင်တာက အခုခေတ် အဝတ်အစားပိုင်းမှာ မြန်မာ့ယဉ်ကျေးမှုနဲ့ ကလန်ကဆန် မလုပ်စေချင်ဘူး။ မြန်မာအမျိုးသမီး တယောက်အနေနဲ့ ကြည့်လိုက်ရင် မြန်မာအမျိုးသမီးဆိုတာကို ဂုဏ်ယူစေချင်တယ်။ တိုင်းတပါးယဉ်ကျေးမှုကိုတော့ အတုမယူနဲ့ မပြောပါဘူး။ အတုယူပါ။ ဒါပေမယ့် အကုန်လုံးတော့ အတုမယူစေချင်ပါဘူး”လို့ သရုပ်ဆောင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။
ဆက်လက်ပြီး “မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းစေချင်တယ်။ အခုလည်း တော်တော်များများ အမေတို့ခေတ်တုန်းက ပုံလေးတွေ ပြန်ဝတ်လာတာ တွေ့ရတယ်။ တပတ် ပြန်လည်လာတယ်ပေါ့။ ဟိုတုန်းက ကိုယ့်ဟာကိုယ် ဖန်တီးပြီး ဝတ်ရတာဆိုတော့ အဲ့တုန်းက အင်္ကျီ cutting တွေနဲ့ အခု cutting တွေနဲ့တော့ မတူဘူးပေါ့။ အခုခေတ်က ဖန်တီးချုပ်လုပ်ပေးမယ့်သူတွေရှိတော့ ကိုယ်လုံးကိုယ်ပေါက်တွေပေါ်တာပေါ့”လို့ ဒေါ်မြင့်မြင့်ခင်က ဆိုပါတယ်။
အသက် ၈၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်ကတော့ လက်ရှိမှာ ဇာတ်လမ်းအရ သိပ်မရိုက်ရတော့ဘဲ တချို့ကျတော့ သံယောဇဉ်နဲ့ ခေါ်ရိုက်နေကြကြောင်း၊ ကိုယ်ကျန်းကျန်းမာမာနဲ့ ရှိနေတုန်း ပရိသတ်တွေကို အနုပညာ အလုပ်များ လုပ်ပြချင်သေးကြောင်းလည်း သူက ဆိုပါတယ်။
“အမေ့အနေနဲ့ အရွယ်အားဖြင့်လည်း အဖွားအရွယ် ဖြစ်နေပြီ။ အသက်လည်း ၈၅ နှစ်ရှိပြီ။ ဇာတ်လမ်းအရ သိပ်မရှိတော့ဘူး။ တချို့ကျတော့လည်း သံဃောဇဉ်နဲ့ ခေါ်ရိုက်တယ်။ ကိုယ်ကျန်းကျန်းမာမာနဲ့ ရှိနေတုန်း ပရိသတ်တွေကို လုပ်ပြချင်သေးတယ်။ အမေနဲ့ ဇာတ်နဲ့မလိုက်လို့ မခေါ်ကြတော့တာနဲ့ တူပါတယ်” လို့ ဒေါ်မြင့်မြင့်ခင်က ပြောပါတယ်။
လက်ရှိ မြန်မာ့ရုပ်ရှင်လောကအပေါ် အမြင်ကိုလည်း သူမက အခုလိုပဲ ဆိုပါတယ်။ “မြန်မာ့ ရုပ်ရှင်လောကလည်း တိုးတက်လာတယ်။ ကလေးတွေလည်း အရမ်းကြိုးစားကြတယ်။ အခုခေတ်ကလည်း အရမ်းတိုးတက်လာတော့ ခုခေတ်ကလေးတွေကို ထောက်ပံ့ပေးမယ့် လူတွေ အများကြီးရှိတော့ အောင်မြင်ကြပါတယ်။ အောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ်။ အမေတို့ ခေတ်တုန်းကတော့ ရုပ်ရှင်လောကကို သိပ်အားမပေးကြဘူး။ အထင်လည်းသေးတယ်။ ကိုယ့်ဟာကိုယ် ရုန်းကန်ရတယ်”
“ကိုယ့်မိဘကအစ အားမပေးတော့ အောင်မြင်သင့်သလောက် မအောင်မြင်ကြဘူး။ အမေကတော့ မဖြစ်မနေ ကြိုးစားတော့ အခုအသက် ၈၅ နှစ်ထိ မြင့်မြင့်ခင်ဆိုပြီး သိနေကြသေးတယ်။ အခုကလေးတွေက အားလုံးထောက်ပံ့ပေးနိုင်တယ်ဆိုတော့ သူတို့အနေနဲ့ လုပ်ရတာ အားရှိတာပေါ့။ အခုခေတ် ကလေးတွေလည်း ဘာပဲပြောပြော မိဘတွေက အားပေးနေကြတယ်ဆိုတော့ အားပေးတဲ့သူတွေ ကျေနပ်အောင်ကြိုးစားကြပါ”လို့ ဒေါ်မြင်မြင့်ခင်က ပြောပါတယ်။
“အမေ့ကို အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အမေလည်း ရုပ်ရှင်လောကထဲ မှာနေချင်ပါသေးတယ်။ အနုပညာလောကထဲမှာလည်း နေချင်ပါသေးတယ်”လို့ ဒေါ်မြင့်မြင့်ခင်က ဆိုပါတယ်။ ဝါရင့် သရုပ်ဆောင် မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်ဟာ မြန်မာ့သရုပ်ဆောင် ထူးချွန်ဆု(အကယ်ဒမီ) ၅ ကြိမ် ဆွတ်ခူးခဲ့သူတဦးဖြစ်ပြီး နိုင်ငံကျော် အဆိုတော် မေဆွိရဲ့ မိခင်လည်း ဖြစ်ပါတယ်။