Rock သီချင်းတွေနဲ့ ပရိသတ် အားပေးမှု ရရှိထားပြီး ပရိသတ်တွေနဲ့ အချိန်တော်ကြာ အဆက်အသွယ် ပြတ်နေတဲ့ အဆိုတော် သျှီက တကိုယ်တော်အခွေထွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
“ကျမ ဂီတလောကနဲ့ နည်းနည်း အလှမ်းကွာပြီး ပရိတ်သတ်နဲ့ အဆက်အသွယ် ပြတ်သလို ဖြစ်သွားတာပေါ့နော်။ ကျမ ရင်ထဲမှာတော့ အနုပညာနဲ့ ဝေးမနေပါဘူး။ ပရိတ်သတ်တွေကလည်း တွေ့တိုင်း တကိုယ်တော်ခွေ ထပ်မစီစဉ်ဘူးလား မေးကြတယ်။ အဲဒီအတွက်ပရိတ်သတ်နဲ့ပြန်လည်နီးစပ်အောင် တကိုယ်တော်ခွေကို စီစဉ်ဖြစ်တယ်။ အခုခွေလေးလည်း အဆုံးသတ်နေပါပြီ။ နာမည်တော့ သေချာ မပေးရသေးဘူး”လို့ သျှီက ပြောပါတယ်။
ဆက်လက်ပြီး သျှီက တကိုယ်တော်ခွေမှာ ပါဝင်လာမယ့် သီချင်းပုံစံတွေ အကြောင်းကိုလည်း အခုလိုပဲ ပြောပါတယ်။
“ခေတ်အရ ပြောင်းလဲသွားတဲ့ ပုံစံလေးတွေပါမှာ ဖြစ်သလို သျှီပုံစံလည်း ပါမှာပါ။ အွန်လိုင်းကနေလည်း ပရိသတ်အတွက် ဇန်နဝါရီလတုန်းကတော့ သီချင်းတင်ပေးဖြစ်တယ်။ ခွေထွက်ရတာ လူတယောက်အနေနဲ့ ရှုံးမှာတော့ စိုးရိမ်တာပေါ့နော်။ ကျမတို့က အနုပညာကို လုပ်ချင်လို့ ဂီတကို ရူးသွပ်လွန်းလို့ ဝင်ရောက်လာတဲ့သူတွေလေ။ ဂီတသက်တမ်းလည်း ၂၁ နှစ်ရှိပြီ။ အဲ့တော့ နောက်ဆုံးပဲဖြစ်ရင် ဖြစ်ပါစေ လုပ်မှာပဲလေ။ ကိုယ့်အနုပညာတွေကိုတော့ အကောင်းဆုံးကြိုးစားထားတယ်။ အခုနောက်ဆုံးကလည်း ပရိသတ်တွေအတွက် လုပ်တာပါ” လို့ သျှီက ဆိုပါတယ်။
ဂီတသက်တမ်း၂၁ နှစ်ရှိပြီဖြစ်တဲ့ သျှီက သီချင်းဆိုပြိုင်ပွဲတွေမှာ ဒိုင်လုပ်ဖို့ ကမ်းလှမ်းခံရပေမယ့်လည်း ကိုယ်တိုင်က သနားတတ်တာကြောင့် ဒိုင်မလုပ်ဖြစ်သေးဘူးလို့ ဆိုပါတယ်။
“ကျမကို တကိုယ်တော်ရှိုးလုပ်ဖို့ လာပြောတယ်။ ကိုယ့်စိတ်ကလည်း ပြောင်းသွားတော့ အားတက်သရော မဖြစ်ဘဲနဲ့ ပရိသတ်ကို အပြည့်အဝမပေးနိုင်ဘဲနဲ့ ညာလိုက်ရမှာမျိုးကိုလည်း ကျမ မလုပ်ချင်ဘူး။ စိတ်ရော၊ လူရောကျေနပ်ပြီဆိုတာ ကိုယ့်သက်တမ်းမှာ တဝက်ပဲဖြစ်ပါစေပေါ့ လုပ်ချင်လုပ်ပါမယ်။ ကျမကို ဒိုင်လုပ်ဖို့ ကမ်းလှမ်းတယ်။ ကျမဒိုင်လုပ်ဖို့ အခုထိတော့ အစီအစဉ် မရှိပါဘူး။ ကိုယ်တိုင်ကလည်း သနားတတ်တော့ အဆင်မပြေဘူး” လို့ သျှီက ပြောပါတယ်။
ဆက်လက်ပြီး “နောက်မျိုးဆက်သစ်တွေကို ပြောချင်တာက ပြိုင်ပွဲတွေက တအားများလာတယ်။ ပြိုင်လာတဲ့အခါကျတော့ ပြိုင်ဘက်လည်းများသလို ပေါ်လာတဲ့အဆိုရှင်တွေလည်း များလာပြီလေ။ ပြိုင်ပွဲပြီးသွားပေမယ့် သူတို့က မပြီးသေးဘူးလေ။ အပြင်မှာလည်း ဆက်ပြိုင်ရမှာပေါ့။ သူတို့တွေ အရမ်းပင်ပန်းတယ်။ ကိုယ့်ယုံကြည်ချက်ကို မလွှဲလိုက်ပါနဲ့လို့။ ဂီတလောကက တိုးတက်တဲ့အပိုင်းရော၊ ဆုတ်ယုတ်တဲ့အပိုင်းရော ခေတ်တိုင်းမှာရှိတာပဲလေ။ အကုန်လုံးကတော့ ဒီလမ်းကိုရွေးပြီးသွားရင် အကောင်းရော အဆိုးရော တွဲယူရတာပဲလေ”လို့ သျှီက ပြောပါတယ်။
မြန်မာပြည်ရဲ့ Rock ဂီတလောကထဲမှာ အမျိုးသမီးအဆိုရှင်ဆိုတာ လက်ချိုးရေတွက်လို့ ရပါတယ်။ အဲဒီထဲမှာအဆိုတော် သျှီတယောက် ပါဝင်ခဲ့ပါတယ်။ သျှီဟာ ၁၉၉၇ ခုနှစ်က “ဂန္ဓာရီ” ဆိုတဲ့ တေးစီးရီးနဲ့ ဂီတလောကထဲ ဝင်ရောက်လာသူ အမျိုးသမီး Rock တေးသံရှင်တယောက်ဖြစ်ပါတယ်။