မြန်မာပြည်ရဲ့ ရော့ခ်ဂီတမှာ နာမည်ကြီး အဆိုတော် အငဲရဲ့ မျိုးဆက်သစ် သမီးဖြစ်သူ အဆိုတော် လမင်းခက ဖခင်အငဲ Iron Cross Band ရဲ့ မျိုးဆက်သစ်အနေနဲ့ နာမည်တပ်ကြလို့ မျိုးဆက်သစ်တွေအတွက် တာဝန်ပိုကြီးတယ်လို့ ဆိုပါတယ်။
“အဖေရှိနေတော့ ဒီလမ်းကြောင်းမှာ အရမ်း အဆင်ပြေတယ်။ ဒါပေမယ့် တဖက်ကကျတော့ ကိုယ်ပြန်ရနိုင်တဲ့ ရလဒ်က အရမ်းများသွားပြီ။ အပြင်ကလူဆို ကိစ္စ မရှိဘူးလေ။ တခုခုဆို အခုကျတော့ မကောင်းဘူးဆိုလည်း အငဲသမီး မကောင်းဘူး။ တချို့တွေဆို ရှိသေးတယ်။ အငဲသမီးက အဖေ့ခြေရာ နင်းနိုင်ပါ့မလား ဆိုပြီးတော့ အဖေနဲ့ သမီး ယှဉ်ပြီးတော့ ကြည့်ကြတယ်ပေါ့။ အဲဒီ အခါကျတော့ အားမလို အားမရ ဖြစ်ကြတာမျိုးတွေလည်း တွေ့ရပါတယ်”
“တခုခု မကောင်းပြောခံရတာကအစ လမင်းခ အနေနဲ့မဟုတ်ဘဲ အငဲသမီးဆိုပြီးတော့ နာမည်တပ်တယ်။ Iron Cross Band ရဲ့ မျိုးဆက်သစ် အနေနဲ့ နာမည်တပ်ကြတဲ့အတွက် လမင်းတို့ မျိုးဆက်သစ်တွေ အနေနဲ့ တာဝန်ပိုကြီးပါတယ်။ သူများထက်ပိုပြီးတော့ ကြိုးစားရတယ်”လို့ အငဲရဲ့ သမီးဖြစ်သူ အဆိုတော် လမင်းခက ပြောပါတယ်။
လမင်းခက သီချင်းဟောင်း တပုဒ်ကိုလည်း အဖေဖြစ်သူ အငဲနဲ့ Cover song ပြန်ဆိုထားပြီး တင်ပေးဖို့ရှိတယ်လို့ ဆိုပါတယ်။
“ညီမ VCD လေး ထွက်ဖို့ ကြာနေတယ်။ ရိုက်တာလည်း ရိုက်ပြီးသွားပြီ။ သီချင်းဟောင်းလေးတပုဒ်ကို ဖေဖေနဲ့ Cover song ပြန်ဆိုထားတာလည်း တင်ပေးဖို့ ရှိတယ်။ Music Video တွေလည် းမကြာခင် အွန်လိုင်းပေါ်တင်ပေးဖို့ရှိတယ်။ သီချင်းအသစ်ကို တင်ပေးဖို့ရှိပါတယ်။ အခုခေတ်က အွန်လိုင်းခေတ်ဖြစ်နေတော့ အွန်လိုင်းကနေပဲ သီချင်းလေးတွေတင်ပေးသွားမှာပါ” လို့ လမင်းခက ပြောပါတယ်။
“လမင်း ကိုယ့်ကိုယ်ကိုယ် အားမရသေးပါဘူး။ အတတ်နိုင်ဆုံးတော့ ကြိုးစားပြီး လုပ်ကိုင်နေပါတယ်။ လိုအပ်တာတွေကိုလည်း နားလည်ပေးပါလို့။ သရုပ်ဆောင်လုပ်ဖို့ မရှိပါဘူး။ ပါရမီလည်း မပါပါဘူး။ Big 9 TV မှာတော့ ခရီးတွေသွားပြီး Host လုပ်ပေးဖြစ်ပါတယ်။ အဆိုပိုင်းကိုပဲ ပိုပြီး နှစ်သက်တယ်”လို့ လမင်းခက ဆိုပါတယ်။
လမင်းခရဲ့ “ကူး..ကူ” တကိုယ်တော် တေးစီးရီးက ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့ပြီး ဖခင်ဖြစ်သူ အငဲကိုယ်တိုင် ရေးပေးထားတဲ့ သီချင်း ၆ ပုဒ် အပါအဝင် တေးရေးဆရာ ရွှေဂျော်ဂျော်၊ ဇဝါ၊ နိုင်းနိုင်တို့ ပါဝင်ရေးသားထားတဲ့ သီချင်းတွေ ပါဝင်ပါတယ်။
လမင်းခရဲ့ “ကူး..ကူ” သီချင်းခွေထဲက “ကိုယ်ပိုင်အလှ”သီချင်းလေးကို လူကြိုက်များပြီး ဖခင်ဖြစ်သူ အငဲရဲ့ “ညမီးအိမ်” သီချင်းကို Cover ပြန်ဆိုထားတဲ့ သီချင်းကိုလည်း ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။
ဆက်စပ် သတင်းလင့်ခ် – အဆိုတော် အငဲရဲ့သမီးကြီး “လမင်းခ” နှင့် တွေ့ဆုံခြင်း