Entertainment

ချီကာဂိုမြို့မှ ဥပဒေဘက်တော်သားများ "The Untouchables (1987)"

ဒီတခါမိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Brian De Palma ရိုက်ကူးထားတဲ့ Crime, Drama, Thriller အမျိုးအစားရုပ်ရှင်တကားဖြစ်တဲ့ The Untouchables (1987) ပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Kevin Costner , Sean Connery နဲ့ Robert De Niro တို့ပဲဖြစ်ပါတယ်။ David Mamet ရေးသားခဲ့တဲ့စာအုပ်ကို မူရင်းနာမည်အတိုင်း ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး အဲဒီခေတ်အချိန်အခါမှာ ဝင်ငွေ အမြင့်ဆုံးစံချိန်ကိုရော ရုပ်ရှင်ဝေဖန်ရေးပညာရှင်တွေရဲ့ ကောင်းမွန်တဲ့ ဝေဖန်မှုကိုပါ ရရှိခဲ့တဲ့ ရုပ်ရှင်တကားလည်း ဖြစ်ပါတယ်။

၁၉၃၀ ခုနှစ် ချီကာဂိုမြို့မှာ Al Capone ဟာ တရားမဝင်အရက်ရောင်းဝယ်မှုနဲ့ ကြီးပွားချမ်းသာနေသူတဦးဖြစ်ပြီး မြို့ရဲ့ သြဇာရှိတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ငွေကြေးတခုတည်းနဲ့ ထိန်းချုပ်ထားနိုင်သူဖြစ်ပါတယ်။

တနေ့မှာတော့ ဘားဆိုင် တဆိုင်ထဲကို အရက်လာရောင်းသူတယောက်ရှိပြီး ဆိုင်ရှင်က လက်မခံခဲ့လို့ ဗုံးပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီဗုံးပေါက်ကွဲမှုမှာ ၁၁ နှစ်အရွယ် ကောင်မလေးတဦးရော ဆိုင်ရှင်နဲ့ သောက်သုံးသူအချို့ပါ အသက်သေဆုံးခဲ့ကြ ရပါတယ်။

အခုလို မင်းမဲ့စရိုက် လွှမ်းမိုးနေတဲ့ ချီကာဂိုမြို့ကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ Al Capone ကို တားဆီးဖို့ Eliot Ness ရောက်ရှိလာခဲ့ပြီး ဌာနအတွင်း ရဲသားတွေအကုန်လုံးကတော့ လာဘ်စားထားသူတွေပီပီ Ness လည်းတချိန်မှာ လက်လျှော့သွားမှာပဲလို့ ပျက်ရယ်ပြု မခန့်လေးစား လုပ်ကြပါတော့တယ်။

ပထမဆုံး သတင်းရရှိတဲ့ အမှုကို ဖမ်းဆီးဖို့ သွားရောက်တဲ့အခါမှာတော့ အရက်တွေ မဟုတ်ဘဲ ထီးတွေထည့်ထားတဲ့ သေတ္တာတွေ ဖြစ်နေတာကြောင့် Ness တယောက် ပိုပြီးတော့တောင် အရှက်တကွဲ ဖြစ်ခဲ့ရပါသေးတယ်။

အဲဒီည အိမ်အပြန်လမ်းမှာ ကင်းလှည့် ရဲသားအိုတဦးနဲ့ တွေ့ဆုံမိပြီး အဲဒီ ရဲသားနဲ့ Ness ဌာနအတွင်းက ရဲသားတွေဟာ တော်တော့်ကို ကွာခြားနေတာ တွေ့ရှိရပါတယ်။ Al Capone ကို တားဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ စိတ်ဓာတ်ကျနေတဲ့ Ness ဟာ နောက်ရက်တွေ သိပ်မကြာခင်မှာပဲ သူတွေ့ခဲ့လိုက်ရတဲ့ ရဲသားအိုကြီးကို ရှာဖွေပါတော့တယ်။

အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နေတဲ့ ရဲတွေဟာ ဆင်းရဲနွမ်းပါးနေရပြီး လာဘ်ပေးလာဘ်ယူ စနစ်ကြောင့် နေရာကောင်း ပိုင်ဆိုင်ထားတဲ့ ရဲသားတချို့လည်းရှိကြောင်း Ness တယောက် ထပ်ပြီး သိလိုက်ရပါတော့တယ်။ ရဲသားအိုကြီးနဲ့ Ness တို့ Al Capone နဲ့ ဘယ်လို ရင်ဆိုင်တွေ့ကြမလဲ ဆိုတာကိုတော့ စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။

IMDb rating (7.9) ရရှိထားပြီး Gangster ရုပ်ရှင်ကားတွေ ကြိုက်နှစ်သက်တတ်သူတွေအတွက် ရုပ်ရှင်ကားကောင်း တကားဖြစ်တာမို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Loading