လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်က “Gladiator” ရုပ်ရှင်နဲ့ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့တဲ့ ဒါရိုက်တာကြီး Ridley Scott က Paramount ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ နောက်ဆက်တွဲရုပ်ရှင် “Gladiator 2” ကို ဆက်လက်ရိုက်ကူးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
မင်းသား Russell Crowe ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဲဒီမူရင်းရုပ်ရှင်ဟာ အော်စကာဆု ဆန်ခါတင် ၁၁ ခု ဝင်ခဲ့ပြီး ဆု ၅ ဆု ရရှိခဲ့ပါတယ်။ အခုအသစ်ရိုက်ကူးမယ့် ဇာတ်လမ်းကတော့ မူရင်းဇာတ်လမ်းထဲက မင်းသား Crowe ရဲ့ ဇာတ်ကောင် Maximus သေဆုံးပြီးတဲ့နောက် Lucilla ရဲ့ သား Lucius အကြောင်း ဇာတ်အိမ်တည် ရိုက်ကူးမယ်လို့ ဆိုပါတယ်။
မူရင်း ရုပ်ရှင်မှာတော့ Lucius ဟာ ရုပ်ရှင်ထဲက ရောမခေါင်းဆောင် Marcus Aurelius ရဲ့သား ဗီလိန် Commodus (မင်းသား Joaquin Phoenix) နဲ့ အချိတ်အဆက် ရှိခဲ့ပါတယ်။ Maximus မသေခင်မှာ သူဟာ Lucius နဲ့ Lucilla ရဲ့ အသက်ကို ကယ်တင်ခဲ့ပါတယ်။
သတင်းရင်းမြစ်တွေက ဒါရိုက်တာကြီး Scott ဟာ ဆက်လက် ရိုက်ကူးမှာဖြစ်ပြီး “Hunger Games” ရုပ်ရှင် ၂ ကားရဲ့ ဇာတ်ညွှန်းဆရာ Peter Craig က ဇာတ်ညွှန်းရေးသားပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါရိုက်တာကြီး Scott ဟာ လက်ရှိမှာတော့ သူ့ရဲ့ပထမဆုံး ရုပ်သံစီးရီး “Raised By Wolves” ကို ရိုက်ကူးဖို့ အာရုံစိုက်နေပါတယ်။
ဒါ့အပြင် ဓာတ်ပုံဂျာနယ်လစ် Lyndsey Addario အကြောင်း ရိုက်ကူးမယ့် ဒရာမာ ရုပ်ရှင် တကားအတွက် မင်းသမီး Scarlett Johansson နဲ့ အလုပ်အတူ တွဲလုပ်နေပါတယ်။ ပြီးတော့ Disney နဲ့လည်း မှော်ဆရာ Merlin အကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်တခုအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အခုအထိတော့ “Gladiator 2” ရုပ်ရှင် ဖြန့်ချိမယ့် ရက်ကို အတိအကျ မသိရသေးပါဘူး။
Ref: etcanada