“မအေးသောင်း” အဖြစ် အနုပညာလောကထဲ တကျော့ပြန် ဝင်ရောက်လာခဲ့တဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်း ပါဝင် သရုပ်ဆောင်ထားတဲ့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီး မကြာခင် ရုံတင် ပြသတော့မှာပါ။ ဒီဇာတ်ကားဟာ မအေးသောင်းအတွက် ပထမဆုံး ရုပ်ရှင်ပြန်ရိုက်တဲ့ကား ဖြစ်တာကြောင့် ရင်ခုန်နေပါတယ်လို့ ပြောပါတယ်။
“မုန်းစွဲမှာက ပေါက်စီကိုယ်တိုင် ဆိုတာထက် ဒါရိုက်တာတွေ၊ ကိုနေတိုးတို့က ပိုပြီးရင်ခုန်ဖို့ ကောင်းပါတယ်။ ပေါက်စီကိုယ်တိုင်လည်း ဒီကားလေးကို အရမ်းရင်ခုန်တယ်။ ဘာဖြစ်လို့လဲဆိုရင် ပေါက်စီ ရုပ်ရှင်ပြန်ရိုက်တဲ့အချိန်မှာ ပထမဆုံး ရိုက်တဲ့ကားလည်းဖြစ်တယ်။ ပထမဆုံး ရုံတင်တဲ့ကားလည်းဖြစ်တဲ့အတွက် ပေါက်စီအတွက် ပထမတွေပဲ ဖြစ်နေတဲ့အတွက် အရမ်းရင်ခုန်ပါတယ်”လို့ အေးဝတ်ရည်သောင်းက ပြောပါတယ်။
“မုန်းစွဲ” ရုပ်ရှင်ကားမှာတော့ မအေးသောင်းက ဇာတ်ရုပ် ၂ ခုနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး ပထမဇာတ်ရုပ်က ယောကျာ်းကို အရမ်းချစ်ပြီး အလိုလိုက်ရတဲ့ ဇာတ်ရုပ်ဖြစ်ကာ ဒုတိယ ဇာတ်ရုပ်အနေဖြင့် ယခင်ဘဝက အစွဲအလမ်းကြောင့် ဘုန်းကြီးကို တဖက်သတ် သဘောကျရတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်ထားတယ်လို့ သိရပါတယ်။
အဆိုပါ “မုန်းစွဲ” ဇာတ်ကားကတော့ ဆရာတော် အရှင်ဆန္ဒာဓိက ဟောကြားတဲ့ “အသေလှတဲ့သူ” ဇာတ်လမ်းကို ဒါရိုက်တာ သြရသက “မုန်းစွဲ” နာမည်နဲ့ ရုပ်ရှင်ကားကြီး အဖြစ် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်တွေအနေနဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ ဖွေးဖွေး၊ အေးဝတ်ရည်သောင်း တို့ ပါဝင် သရုပ်ဆောင် ထားပါတယ်။
ဒီကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် မင်းသွေးက လွန်ခဲ့တဲ့ ၁ လခန့်က ကွယ်လွန်သွားခဲ့တဲ့အတွက် “မုန်းစွဲ” အဖွဲ့သားများက ရုံတင်တဲ့အခါမှာ သတိရ ဝမ်းနည်းရဦးမှာဖြစ်တယ်လို့လည်း မအေးသောင်းက ပြောပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ မင်းသွေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေကိုလည်း မအေးသောင်းက အခုလို ပြောပြခဲ့ပါတယ်။
“ပေါက်စီတို့တွေက လူစုံလို့ပြောကြရင် မင်းသွေးကိုသွားပြီး သတိရနေကြတာပေါ့နော်။ ရိုက်တုန်းကလည်း ပေါက်စီက ဗိုက်ကြီးကြီးနဲ့ သရုပ်ဆောင်ရတာကိုး။ မိတ်ကပ်တွေ ဘာတွေလည်း မလိမ်းဘူး။ ဒီတိုင်းပဲ ထိုင်ထိုင် ရိုက်နေတာ ဆိုတော့။ အဲဒါကို သူက ဆေးထိုးတဲ့ပုံတွေ ရိုက်ပြီးတချိန်လုံး ပို့နေတာ။ အဲဒီလိုမျိုး ကားရိုက်တဲ့အချိန်မှာ တချိန်လုံး ရှိနေတာဆိုတော့ စိတ်မကောင်းဘူး။ သူပို့ထားတာလေးတွေ ပြန်တွေ့ရင် အခုထိ ဝမ်းနည်းနေတုန်းပဲ” လို့ မအေးသောင်းက ပြောပါတယ်။
“မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ မကြာခင်မှာ ရုံတင်ပြသဖို့အတွက် ကြိုးစားနေကြပြီး မင်းသွေးအတွက် ပရိသတ်များနဲ့ အနုပညာရှင်များကလည်း သတိတရနဲ့ စောင့်မျှော်ကြည့်ရှုနေကြတဲ့ ရုပ်ရှင်ဇာတ်ကား တကား ဖြစ်ပါတယ်။