မြန်မာသံစဉ်သီချင်းများကို သီဆိုနေတဲ့ တေးသံရှင် ဖိုးသောကြာက “နဂါးနီ” လို့ အမည်ပေးထားတဲ့ မြန်မာသံစဉ်တေးသီချင်းအခွေကို ဒီနေ့ နိုဝင်ဘာ ၅ ရက်နေ့မှာ ဖြန့်ချိလိုက်ပြီလို့ ဆိုပါတယ်။
“ကျနော် အခွေလေး လုပ်ချင်တာနဲ့ ကျနော် ညီလေးတွေ ဖိုးသြင်္ကန်တို့တွေနဲ့ တိုင်ပင်တယ်။ စတီးတုန်းက ၁၂ပုဒ် အခုခွေထဲမှာတော့ သီချင်း ၇ ပုဒ်ပဲ ထည့်ထားတယ်။ ဒီသီချင်း ၇ပုဒ်က ခွေတခွေစာတောင် မကပါဘူး။ အဲ့ဒါကြောင့် ၇ ပုဒ်ပဲ ထည့်ထားတာပါ။ ဒီခွေထဲမှာ နာမည်ကြီး အဆိုတော်တွေ ပညာရှင်တွေ ဆိုခဲ့ကြတဲ့ သီချင်းတွေချည်းပါပဲ”
“ကျနော် ပြန်ဆိုရမယ့် အချိန်မှာ အရမ်းတာဝန်ကြီးပါတယ်။ တလုံးတလေမှလည်း အတိမ်းအစောင်း အမှားအယွင်း မဖြစ်အောင် ကြိုးစားထားတာပါ။ ကျနော် ဒီသီချင်းတွေ ပြန်ဆိုတဲ့ရည်ရွယ်ချက်က မြန်မာသီချင်းဟာ ဒါမျိုးပါဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်ပါတယ်” လို့ ဖိုးသောကြာက ဆိုပါတယ်။
ဘယ်ပွဲပဲရောက်ရောက် နဂါးနီသီချင်းကို အမြဲအတောင်းခံရတာကြောင့် အခွေနာမည်ကိုလည်း နဂါးနီလို့ပဲ ပေးခဲ့တာလို့ ဆိုပါတယ်။
“ကျနော်ဘယ်ပွဲရောက်ရောက် အမြဲတမ်း နဂါးနီသီချင်းကို အမြဲအတောင်းခံရတယ်။ အမြဲအတောင်းခံရတော့ နောက်အခွေလုပ်ရင်တော့ ဒီသီချင်းလေးကို ထည့်ဖြစ်အောင်ထည့်မယ် စဉ်းစားတယ်။ အဲ့ဒါနဲ့ အခွေနာမည်ကိုလည်း နဂါးနီလို့ ပေးခဲ့တာပါ” လို့ ဆိုပါတယ်။
ဖိုးသောကြာက သီချင်းများကို အွန်လိုင်းကနေလည်း တင်ပေးသွားဖို့ အစီအစဉ်ရှိနေပြီး မြန်မာသံစဉ်များကို တဦးတည်းသော သမီးလေးကိုလည်း နားထောင်ဖြစ်အောင် အမြဲတမ်းဖွင့်ပြဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော်ဆို ကျနော့် သမီးကို သီချင်းအကုန် ပေးနားထောင်တယ်။ အင်္ဂလိပ်သီချင်းတွေ ခေတ်ပေါ်သီချင်း နောက် သူနားထောင်ချင်တဲ့ သီချင်းတွေ နဲ့ မြန်မာသီချင်းတွေ အကုန်ဖွင့်ပြတယ်။ မြန်မာသီချင်းတွေဆို “သမီးရေ ဒါကတော့ ဘယ်သူဆိုတာ” ဆိုပြီးပြောပြတယ်”
“ကျနော်ဖြစ်စေချင်တာက နောက်လူတွေ ကိုယ့်သားသမီးတွေကို အနည်းဆုံးတကြိမ် သို့မဟုတ် နှစ်ကြိမ် ဖွင့်ပြစေချင်တယ်။ မြန်မာလူမျိုးတွေရဲ့ သီချင်းက ဘာမျိုးလဲ ဆိုတာကို နောက်လူတွေ သိဖို့ အများကြီး လိုအပ်ပါတယ်”လို့ ပြောပါတယ်။
ဂီတပိုင်းနဲ့ ပတ်သက်ပြီး ဖခင်ဖြစ်သူ အဆိုတော်ကြီးသုမောင်က ကြားဆရာဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
“အဖေကတော့ ကျနော်ရဲ့ ကြားဆရာပါ။ ကျနော်သိတတ်စ အရွယ်ကတည်းက အဖေ့ကတ်ဆက်ခွေတွေနဲ့ ကြီးလာတာ ဆိုတော့ အဖေကကျနော့်ရဲ့ ကြားဆရာပါ”လို့ ဖိုးသောကြာက ပြောပါတယ်။
ဖိုးသောကြာရဲ့ “နဂါးနီ” တေးစီးရီးကို နိုဝင်ဘာလ ၅ ရက်နေ့မှစပြီး မန်းသီရိတေးသံသွင်းကနေ မြန်မာတနိုင်ငံလုံးကို ဖြန့်ချိသွားမှာဖြစ်ပါတယ်။ ဖိုးသောကြာက ပထမဆုံးတေးစီးရီး “အချစ်လား… သူဖျားနေတယ်” နဲ့ အတွဲခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။