Walt Disney ကုမ္ပဏီဟာ Disney+ ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် Marvel ပရိသတ်အကြိုက် ဇာတ်ကောင် ပါဝင်မယ့် စီးရီးတခုရဲ့ အသေးစိတ် အချက်အလက်တချို့ကို ထုတ်ပြန် ကြေညာလိုက်ပါတယ်။
Disney ရဲ့ စီအီးအို Bob Iger က မင်းသား Tom Hiddleston ရဲ့ ဇာတ်ကောင် Loki နဲ့ ပတ်သက်တဲ့ ရုပ်သံစီးရီးကို Disney+ မှာထုတ်လွှင့်ဖို့ ပြင်ဆင်နေပြီလို့ အတည်ပြုလိုက်တာဖြစ်ပါတယ်။
Loki နဲ့ Scarlet Witch တို့ပါဝင်မယ့် သီးခြားဇာတ်လမ်းတွဲတွေ ရိုက်ကူးဖို့ ရှိတဲ့အကြောင်း အခုနှစ် စက်တင်ဘာလမှာပဲ ပထမဆုံး သတင်းတွေ ထွက်ပြီးတဲ့နောက် အခုလိုမျိုးအတည်ပြုချက်တခု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အဲဒီတုန်းက Marvel ပရိသတ်က အသစ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ Loki အဖြင်မင်းသား Tom ပါဝင်ပါ့မလားဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။
Comics နဲ့ Marvel Cinematic Universe ထဲမှာလို အခြေအနေပေါ်လိုက်ပြီး ပုံစံပြောင်းလဲနိုင်ရန် Loki ရဲ့အစွမ်းသတ္တိကို ထည့်သွင်းစဉ်းစားရင် ပရိသတ်အချို့ကတော့ မူရင်းမင်းသားကပဲ သရုပ်ဆောင်လိမ့်မယ်လို့ ထင်ကြေးပေးခဲ့ကြတာပါ။
အခုတော့ Disney ရဲ့ စီအီးအိုကိုယ်တိုင်က Thor ရဲ့ ဖအေတူ မအေကွဲ ညီ Loki အကြောင်း ရိုက်ကူးမယ့် ဇာတ်လမ်းတွဲမှာ မင်းသား Tom ကိုပဲ ဆက်သုံးမယ်လို့ ကြေညာလိုက်တာဖြစ်ပါတယ်။ ရုပ်သံစီးရီးကို ဘယ်တော့ပြမယ်၊ အပိုင်းဘယ်လောက်ရှိမယ် ဆိုတဲ့အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် “Avengers:Infinity War” ရုပ်ရှင်မှာ Loki မသေခင်အချိန်ကစလို့ ဇာတ်အိမ်တည်မယ်လို့လည်း ဆိုပါတယ်။
Infinity War ရုပ်ရှင်ထဲမှာတော့ Loki ကိုမိနစ်အနည်းငယ်သာ မြင်တွေ့လိုက်ကြရတာဖြစ်ပါတယ်။ အဲဒီရုပ်ရှင် နောက်ပိုင်းမှာတော့ Loki ဆိုတဲ့ဇာတ်ကောင်က သေဆုံးခဲ့ပြီဖြစ်တဲ့အတွက် ပရိသတ်တွေကြားမှာလည်း မင်းသား Tom အနေနဲ့ ဆက်ပြီ းသရုပ်ဆောင်စရာ မရှိတော့ဘူးလို့ ပြောဆိုကြတာမျိုးတွေ ရှိပါတယ်။ အခုတော့ စိတ်ပူစရာမလိုတော့ပါဘူး။ Marvel မှာ ဗီလိန်လို့ ပြောနိုင်တဲ့ Loki ကို ဇာတ်လမ်းတွဲအနေနဲ့ အသစ်တဖန် ပြန်လည်ရှုစားရတော့မှာပဲဖြစ်ပါတယ်။
Ref: complex, comicbook