Entertainment

သမီးတွေကို အနုပညာမလုပ်ဘဲ ပညာရေးဘက် လုပ်စေချင်တဲ့ သီရိကိုကို

Want create site? Find Free WordPress Themes and plugins.

တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင် သီရိကိုကိုကတော့ အိမ်ထောင်ပြုပြီး အနုပညာအလုပ်များကို ရပ်နားခဲ့ပြီးနောက် သမီးလေး၂ယောက်နဲ့အတူ ပျော်ရွှင်တဲ့အိမ်ထောင်ရေးတခုကို ပိုင်ဆိုင်ထားပါတယ်။

သမီး ၂ယောက်ရှိတဲ့ထဲမှာတော့ သမီးအကြီးလေးက အနုပညာအလုပ်ကို ဝါသနာပါပေမယ့် ပညာရေးကိုသာ ဦးစားပေးပြီး အနုပညာအလုပ်က အတက်အကျများတာကြောင့် မလုပ်စေချင်ဘူးလို့ ပြောပါတယ်။

“ကျမ သမီးအကြီးလေးက ၁၈ နှစ်ရှိပြီ။ အခု အာခီ တက်နေတယ်။ ဒုတိယနှစ်ပြီးသွားလို့ တတိယနှစ်တက်မှာပါ။ သမီးအငယ်လေးက ၅တန်း။ သမီးအကြီးက အနုပညာကို ဝါသနာပါတယ်။ ကျမတို့က ပညာရေးကိုအဓိက ဦးစားပေးစေချင်တယ်။ ဝါသနာပါတာလည်းလုပ်တော့ လုပ် ဒါမှမဟုတ် ကျောင်းပြီးသွားမှ လုပ်ချင်လုပ်။ မလုပ်ခိုင်းတာတောင် အခုဆိုရင် သီချင်းတွေကို Cover ဆိုပြီးတင်နေတယ်”လို့ သီရိကိုကိုက ပြောပါတယ်။

သမီး ဖြစ်သူကတော့ သူစိတ်ကူးထဲမှာရှိတဲ့အတိုင်း သီချင်းလေးတွေရေးပြီး ဆိုတာတွေရှိနေပေမယ့် အနုပညာလောကထဲကို အပြီးပေးမဝင်ဘူးလို့ သီရိကိုကိုက ပြောပါတယ်။

“သူဝါသနာပါတာလေးတွေကိုတော့ သူ့စိတ်ကူးအတိုင်းလုပ်တော့ လုပ်နေတယ်။ သူ့ဘာသာသူ တီးတယ်။ ရေးတယ်။ ဆိုတယ်။ အဲဒီလိုမျိုးတွေတော့လုပ်တယ်။ ဒါပေမယ့် ကျမတို့ကတော့ ဒီလောကထဲတော့ အပြီးတော့ ပေးမဝင်သေး ဘူး။ ပညာရေးဘက်မှာ လျော့သွားမှာစိုးလို့”

“ကိုယ့်သားသမီးဆိုတော့ ဒီအနုပညာလောကက အတက်အကျမြန်တယ်။ အဲဒါမျိုးတွေကို ခံနိုင်ရည်မရှိမှာစိုးလို့။ ကလေးတွေကို မိဘတွေဆိုတော့ စိတ်ပူတာပေါ့နော်။ ကိုယ့်သားသမီးကို အေးအေးချမ်းချမ်းနဲ့ ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်ပဲနေစေချင်တယ်။ အတက်အကျ အရမ်းတာကြီးကို သူတို့မခံစားစေချင်ဘူး” လို့ သီရိကိုကိုက ပြောပါတယ်။

သီရိကိုကိုအနေနဲ့လည်း အိမ်ထောင်ပြုပြီးတဲ့နောက်မှာ အနုပညာအလုပ်တွေ ဆက်မလုပ်တော့ဘဲ သမီးလေးတွေအပေါ်မှာ အချိန် အပြည့်အဝ ပေးထားတယ်လို့ ဆိုပါတယ်။

အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီးတော့ သီရိကိုကိုက “ကျမတို့က တယောက်နဲ့တယောက် နားလည်မှုနဲ့ပဲ တည်ဆောက်ပါတယ်။ သမီးတွေ စမွေးကတည်းက အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့တာ။ ကျမစိတ်ကိုက အဲဒီကိုအာရုံမရှိတော့ဘဲနဲ့ ကလေးတွေပေါ်ကိုပဲ အာရုံရှိပြီးတော့ မလုပ်ဖြစ်တော့တာ”လို့ ပြောပါတယ်။

သီရိကိုကိုက အခုနောက်ပိုင်းမှာလည်း သီချင်းတွေဆိုပြီး အွန်လိုင်းပေါ်ကနေတဆင့် တင်ပေးသွားဖို့ရှိတယ်လို့ သိရပါတယ်။ “ကျမကတော့ အခုလေ ကိုစောခူဆဲကလည်း သီချင်းလေးပေးထားတယ်။ ထန်ခေးရေးပေးထားတဲ့ သီချင်းလေးလည်း ရှိတယ်။ အဲဒါလေးတွေကိုတော့ အွန်လိုင်းတင်ဖို့ ရှိတယ်”လို့ သီရိကိုကိုက ပြောပါတယ်။

အဆိုတော် သီရိကိုကိုကတော့ ယခုနှစ်အတွင်းမှာ ယခင်က အောင်မြင်ခဲ့တဲ့ သီချင်းများကို တေးသံရှင် ဇာလီနိုင်၊ အိအိ တို့နဲ့အတူ ပြန်လည် သီဆိုထားတဲ့ “မြားသုံးစင်း” အခွေ ထွက်ရှိထားပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading