ကယားပြည်နယ်မှာရှိတဲ့ ထူးခြားအံ့သြမှုများနဲ့ ပြည့်နေတဲ့ ကြတ်ဂူမှာ သွားရောက် ရိုက်ကူးထားတဲ့ ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားထဲမှာ ဂူနဲ့ ပတ်သက်တဲ့ ဇာတ်ကြောင်းများကို သိရှိနေတဲ့လူတယောက်အနေနဲ့ သရုပ်ဆောင် ညောင်ညောင်က ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဒီဇာတ်ကားနဲ့ ပတ်သက်လို့ သရုပ်ဆောင် ညောင်ညောင်က သူ့ရဲ့အတွေ့အကြုံများကို ပြောပြခဲ့ပါတယ်။
“ကျနော်တို့ ရိုက်တာတော့ အဲဒီ ဂူထဲမှာ ၂ရက်ပေါ့။ ၂ရက် ဆိုပေမယ့် ၂ရက်ဆိုသလောက် အဲဒီဂူထဲမှာ ပင်ပန်းတယ်။ ဂူဝကို ရောက်ဖို့အတွက် လှေကားတွေ အမြင့်ကြီး တက်ရတယ်။ ဂူထဲမှာ ဖိနပ်စီးလို့ မရဘူး။ အဲဒီမှာကတည်းက ပြဿနာတက်ပြီ။ တနေကုန် အေးစိမ့်နေတဲ့ ကျောက်ပြားမျက်နှာပြင်ကို ခြေထောက်နဲ့ နင်းနေရတာ။ နောက်ပြီး အစာစားလို့မရဘူး။ ရေပဲ ရှိတယ်”
“နောက်ပြီး ကျနော်တို့က သောက်ချိန်ကျရင် သောက်လို့ မရပြန်ဘူး။ အိမ်သာသွားချင်လို့လည်း သွားလို့မရ။ နောက်တော့ အရက်ငတ်တဲ့ ပြဿနာကို အိမ်သာသွားချင်တဲ့ ပြဿနာက ကျော်တက်သွားတာပဲ”လို့ ညောင်ညောင်က ပြောပါတယ်။
ကြတ်ဂူမှာ ထူးခြားပြီး သတိထားမိတဲ့ အချက်တခုကိုလည်း တွေ့ရှိခဲ့သေးတယ်လို့လည်း ညောင်ညောင်က ဆိုပါတယ်။
“ထူးခြားတယ်ဆိုတာက ဒီဂူထဲကို ဝင်သွားပြီးတော့ အခေါင်းတွေကို မြင်ရကတည်းက စိတ်ထဲမှာနည်းနည်းတော့ ရင်ခုန်ပြီးတော့ စိတ်လှုပ်ရှားတာတော့ အမှန်ပဲ။ အဲဒီမှာ ကျောက်အစွန်းမှာ ထွက်နေတဲ့ အခေါင်းကြီးက နောက်နေ့လည်း သွားကြည့်ရော အနေအထားက ပြောင်းနေတယ်။ အဲဒါနဲ့ ပထမနေ့က ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြန်ကြည့်ကြနဲ့ပေါ့။ တကယ်ကို အနေအထားက ပြောင်းလဲနေခဲ့တယ်” လို့ ညောင်ညောင်က ပြောပါတယ်။
ကြတ်ဂူ ရုပ်ရှင်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်နဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြခဲ့ပါတယ်။
“ဒီကားကတော့ ကိုယ့်ဘဝမှာ ထူးဆန်းတယ်။ ဘာလဲဆိုတော့ အရက်သမားတယောက်ပေါ့။ လုပ်နေကျ ကာရိုက်တာပါပဲ။ ဒီအကြောင်းတွေကို ပြောပြနိုင်တဲ့ အရက်သမားတယောက်ပေါ့။ ဒါပေမဲ့ နည်းနည်းလေး ပိုပြီးတော့ ဆန်းသွားတာက ဘာလဲဆိုတောာ့ အရက်သမားဆိုပေမယ့် ဒီဂူနဲ့က ပတ်သက်မှုရှိတယ်။ ချိတ်ဆက်မှုတွေ ရှိနေတယ်ပေါ့။ အဲဒါတခုတော့ အရက်သမားက အရက်ကြီးပဲသောက်နေတဲ့ အရက်သမားသက်သက် မဟုတ်ဘဲနဲ့ ဇာတ်နဲ့ဆိုင်တဲ့ အရက်သမားတယောက်ပေါ့။ ခွက်ပုန်းပေါ့” လို့ ညောင်ညောင်က ပြောပါတယ်။
အဲ့ဒီ ကြတ်ဂူ ဇာတ်ကားကြီးထဲမှာတော့ တိုင်းရင်းသားများရဲ့ ရိုးရာ ကိုးကွယ်ယုံကြည်မှု၊ မေတ္တာဖွဲ့အကြောင်းအရာများနဲ့ ဒေသရဲ့အလှအပများကို လူအများစိတ်ဝင်စားကြလိမ့်မယ်လို့ ပြောလို့ရတယ်လို့ ဆိုပါတယ်။
ဒီဇာတ်ကားကိုတော့ ဒါရိုက်တာလူမင်းက ရိုက်ကူးထားတာဖြစ်ပြီး လူမင်းနဲ့ ပတ်သက်ပြီးတော့လည်း ယုံကြည်စိတ်ချမှုအပြည့်အဝရှိပြီးတော့ လေးစားရပါတယ်လို့ ညောင်ညောင်က ပြောပါတယ်။
“ကိုလူမင်းရိုက်တဲ့ကားတွေကို တော်တော်များများ သရုပ်ဆောင်ခဲ့ဖူးတယ်။ သူ့ကိုလေးစားတာပါ။ ချီးကျူးတယ်လို့တော့ မပြောလိုပါဘူး။ သူက အကယ်ဒမီ ဆိုတော့လေ။ သူ့ကိုလေးစားတာက သူလုပ်မယ့်အလုပ်ကို အမြဲတမ်းရင်ထဲကိုရော ခေါင်းထဲကိုရော ငုံထားတယ်။ သူ့မှာအရာရာ အဆင်သင့်ဖြစ်နေတယ်။ သူ့အလုပ်ကို ယုံကြည်မှုရှိတဲ့အတွက် နောက်ကလိုက်လုပ်မယ့် သူတွေအတွက်လည်း အဆင်ပြေတာပေါ့နော်။ သရုပ်ဆောင် အလုပ်တင်မကဘူး။ ဒါရိုက်တာအလုပ်ကိုပါ အင်မတန်ကြိုးစားတယ်။ တော်ပါတယ်ပေါ့” လို့ ပြောပါတယ်။
ကြတ်ဂူ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ နိုဝင်ဘာလ ၁၆ရက်နေ့မှစတင်ပြီးတော့ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံများမှာ ပြသသွားတော့မှာ ဖြစ်ပါတယ်။