ကျန်းမာရေးကြောင့် ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်တော့တဲ့ ဒါရိုက်တာညီညီထွန်းလွင်က အခုလက်ရှိမှာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ အတွင်းရေးမှူး တယောက်အဖြစ် တာဝန်ထမ်းဆောင် နေပါတယ်။
တချိန်က မြန်မာ့ရုပ်ရှင်လောကမှာ ဟာသကားတွေ အရိုက်များပြီး ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ဒါရိုက်တာ ညီညီထွန်းလွင်ရဲ့ လက်ရှိလှုပ်ရှားမှုအကြောင်း၊ ဗီဒီယိုဈေးကွက်ပေါ်အမြင်များနဲ့ မြန်မာ့ရုပ်ရှင်လောကအပေါ် အမြင်များကို ဧရာဝတီ သတင်းဌာနမှ အနုပညာ သတင်းထောက် ချစ်ပိုးက အခုလိုပဲ တွေ့ဆုံမေးမြန်းထားပါတယ်။
မေး။ ။ ဇာတ်ကားတွေ သိပ်မရိုက်ဖြစ်ဘဲ နားနေလို့ သိရတယ်။ လက်ရှိ ဘာတွေ လုပ်နေပါလဲ။
ဖြေ။ ။ ကျနော်ဇာတ်ကားတွေ မရိုက်တော့ဘူး။ ၂ နှစ်လောက် ရှိပြီ။ အသက်က ကြီးသွားပြီ။ တချို့အသက်ကြီးတဲ့ သူတွေရိုက်တော့ ရိုက်တယ်။ ကျနော်ကတော့ ရောဂါလည်းရှိတော့ အလုပ်လုပ်ရတာ သိပ်မတွင်ကျယ်ဘူး။ ကျနော် ရိုက်တုန်းကလည်း ခေတ်တွေ၊ စနစ်တွေကို သရော်တာတွေ ရိုက်တယ်။
အရင်တုန်းက အုပ်ချုပ်တဲ့ အစိုးရကို မကြိုက်တာကြောင့် ဟာသတွေ ရိုက်တယ်။ ကျနော်မကြိုက်တာတွေကို ဟာသအနေနဲ့ ရိုက်တယ်။ အခုခေတ်လို နိုင်ငံခြားကို ထိုးဖောက်မယ်တို့ ဘာတို့ အပြိုင်စိတ်တွေ မရှိဘူး။ အင်မတန် စိတ်ဆင်းရဲစရာကောင်းတဲ့ တိုင်းပြည်မှာ လူလာဖြစ်နေတဲ့အတွက် ကျနော်က ၂ နာရီလောက် ပြည်သူတွေ ဘဝအမောတွေပြေအောင် ဟာသတွေ ရိုက်တယ်။
NLD အစိုးရဖြစ်ပြီးတဲ့နောက်မှာတော့ “အီဖေကိုတို့ ရွေးကောက်ပွဲ” ရိုက်ပြီး ကျနော်နားဖို့ ဆုံးဖြတ်လိုက်တာ။ အခု အစိုးရကိုလည်း သရော်စရာ မလိုတော့ဘူး ကိုယ်တင်ထားတာ။ ခေတ်တွေစနစ်တွေလည်း မသရော်ချင်တော့ဘူး။ အခုတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရဲ့ အတွင်းရေးမှူး တယောက်အဖြစ် တာဝန် ထမ်းဆောင်နေပါတယ်။
မေး။ ။ နောက်ပိုင်း ဒါရိုက်တာသစ်တွေ အရမ်းတော်လာတယ်။ အဲဒီအပေါ် ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ အရမ ေးတော်လာကြတယ်။ နိုင်ငံခြားတွေတောင် ထိုးဖောက်ဖို့ထိ ပြိုင်ဆိုင်လာကြတယ်။ ပြည်တွင်းသာ မဟုတ်ဘဲ ပြည်ပအထိ ထိုးဖောက်ဖို့ပါ ပြိုင်ဆိုင်ပြီးကြိုးစားလာကြတော့ အရမ်းကောင်းတယ်။
မေး။ ။ ပြည်ပမှာပညာသင်ပြီးတော့ ပြည်တွင်းဈေးကွက်ကို ထိုးဖောက်ဝင်ရောက်တဲ့ မျိုးဆက်သစ်တွေ အတွက် အဆင်မပြေတာတွေလည်း ရှိနေတယ်လို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့လည်း သိချင်ပါတယ်။
ဖြေ။ ။ မျိုးဆက်သစ် ကလေးတွေ အနုပညာနယ်ပယ်ကို ဝင်ရောက်တဲ့အခါမှာ သူတို့တွေအတွက် အဟန့်အတား ရှိနေတာ မဟုတ်ဘူး။ ပုံစံ မတူတာ။ တချို့မျိုးဆက်သစ်တွေ ရိုက်ထားတဲ့ဇာတ်ကားတွေက အရမ်းကောင်းတယ်။ သူတို့က အကြိုလေ့ကျင့်တာက တရက်၊ ရိုက်တာက တရက်ဆိုတော့ အရမ်းအံ့ဩနေတာ။
ဒါမျိုးက မြန်မာ့ရုပ်ရှင်လောကမှာ တခါမှ မလုပ်ဖူးဘူး။ တကယ်သာ အဲဒီလို ရိုက်နိုင်ရင် အရမ်းကောင်းတယ်။ ဒါပေမဲ့ အခုမင်းသမီးက ၅ ရက်၊ ၆ ရက်ပဲ အချိန်ပေးတယ်။ ဒါမျိုးကျတော့ အဆင်မပြေဘူး။ အခုကျနော်တို့ ရုပ်ရှင်လောကမှာ ဒါမျိုးက ဘယ်လိုမှ မဖြစ်နိုင်ဘူး။ မင်းသားကလည်း ရက်မပေးဘူး။ ရုပ်ရှင်ကိုဆိုလည်း ၁၅ ရက်နဲ့ပြီးအောင်ရိုက်ရတယ်။ အများဆုံး ရက်၂၀ ပဲ ပေးတယ်။
မေး။ ။ ဗီဒီယိုဈေးကွက် နည်းသွားတဲ့ အပေါ်ရော ဘာများပြောချင်လဲ။
ဖြေ။ ။ ဗီဒီယိုက မြန်မာပြည်မှာမလို့သာ ဖြစ်နေတာ ကမ္ဘာမှာ ဗီဒီယိုဆိုတာ မရှိဘူး။ ပြတဲ့ရုပ်ရှင်ကိုသာ အိမ်မှာကြည့်လို့ ရအောင် ရိုက်ပြီးဗီဒီယို အချပ်အနေနဲ့ ရောင်းတာ။ မြန်မာပြည်အနေနဲ့သာ ဒီလိုထွက်တာ။ ဒါက ဆင်းရဲတဲ့ တိုင်းပြည်မလို့ ဒီလို ဖြစ်တာ။
ဘာပဲပြောပြော မြန်မာပြည်မှာ ဗီဒီယိုဆိုတာရှိတဲ့အတွက် လက်သစ်ကလေးတွေ ဒါရိုက်တာပဲ ဖြစ်ဖြစ် ဇာတ်ညွှန်းပဲဖြစ်ဖြစ် သရုပ်ဆောင်သစ်ပဲဖြစ်ဖြစ် ဘတ်ဂျက်နည်းနည်းနဲ့ ဇာတ်ကားတွေကိုရိုက်ပြီး ထုတ်လို့ရတယ်။ လေ့ကျင့်ရာလည်း ရောက်တာပေါ့။ ဘာပဲပြောပြော ကမ္ဘာမှာ မရှိတဲ့အတွက် အစကတည်းက ပျက်ကို ပျက်မယ်ဆိုတာ မြင်နေတယ်။ မြန်မာပြည်မှာတော့ လူငယ်လူသစ်လေးတွေအတွက်ရှိတာတော့ သဘောကျပါတယ်။
မင်းသားကြီး ၅ ယောက်လောက်က ဗီဒီယိုတတ်နိုင်သမျှ ပြန်လည်ရှင်သန်ဖို့ နောက်ဇာတ်ပို့ ဇာတ်ရံတွေနဲ့ စက်အဖွဲ့တွေ အဆင်ပြေအောင် သူတို့ ၅ယောက်က ဦးစီးပြီးလုပ်နေပါတယ်။ သူတို့က လူမင်း၊ ခန့်စည်သူ၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ် တို့ပါ။
မေး။ ။ ဟာသကားတွေကို မြန်မာပေါကားတွေဆိုပြီးသတ်မှတ်ကြတယ်။ အဲ့အပေါ်မှာ ဘာများပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့ ရိုက်တဲ့သူတွေအနေနဲ့က တချို့သော ဒါရိုက်တာတွေက လူရွှင်တော်တွေနဲ့ ဇာတ်ကသလိုမျိုး ရိုက်တာတွေ အဲ့တော့ တခုလည်း ကောင်းတယ်၊ တခု မကောင်းဘူး။ တခုကောင်းတာက လွတ်လပ်တယ်၊ တခုမကောင်းတာက ဇာတ်ညွှန်းနဲ့ သေချာရိုက်တာ မဟုတ်တဲ့အတွက် အောက်လုံးတွေ ပါတယ်။ ဆင်ဆာမှာ ဖြတ်လိုက်ရင် အောက်လုံးတွေ ချည်းပဲ။ လူရွှင်တော်ပြက်လိုက်ရင် အောက်လုံး ပါတာကိုး။ ဒါကြောင့် “မြန်မာပေါကားများရပ်”ဆိုပြီး ဖြစ်လာတာပေါ့။
မေး။ ။ အခုလက်ရှိ မြန်မာရုပ်ရှင်လောကအပေါ်မှာရော ဘယ်လိုမြင်မိလဲ။
ဖြေ။ ။ မြန်မာရုပ်ရှင်လောကက အခုအပြိုင်အဆိုင်တွေ ဖြစ်လာပြီ။ တော်တော်လေး ကြိုးစားကြမှရမယ်။ ပြည်တွင်းမှာတင် မဟုတ်ဘဲ ပြည်ပမှာကိုပါ ထိုးဖောက်ဖို့တွေပါ လုပ်ဆောင်နေကြပြီဆိုတော့ ပြည်တွင်းဈေးကွက်မှာလည်း တယောက်နဲ့ တယောက် အပြိုင်အဆိုင်တွေ ဖြစ်လာပြီ။ အခုဆိုရင် မလေးရှားမှာ၊ စင်ကာပူမှာ၊ ထိုင်းမှာ ဈေးကွက်တွေချဲ့ထွင်လာပြီ။
နောက်ဆိုရင် ကိုရီးယားတို့၊ အိန္ဒိယတို့ မရောက်ဘူး မပြောနိုင်ဘူး။ နောက်ဆိုရင် မြန်မာရုပ်ရှင်ဇာတ်ကားတွေက ပြည်ပဈေးကွက်တွေမှာပါ တွင်ကျယ်လာမှာပါ။ ရိုက်တဲ့သူတွေ အရည်အချင်းက စကားပြောလာမှာပါ။ ။