ဘုံဘေ တရားရုံးချုပ်က မင်းသား ရှာရွတ်ခန်း ပါဝင်သရုပ်ဆောင်ထားတဲ့ “Zero” ရုပ်ရှင် အမြည်းဗီဒီယိုဟာ ဆစ်ခ်လူမှုအသိုင်းအဝန်းကို ထိခိုက်စေခဲ့တယ် ဆိုပြီး မင်းသားနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအပေါ် အသနားခံ တိုင်တန်းချက်ကို နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြားနာမှာဖြစ်တယ်လို့ သိရပါတယ်။
ရှေ့နေတဦးဖြစ်တဲ့ Amritpal Singh Khalsa က အခုလ အစောပိုင်းက အသနားခံစာတင်ခဲ့ပြီး ခေါင်းဆောင်မင်းသား ခန်ကဆစ်ခ်ဘာသာဝင် သယ်ဆောင်လေ့ရှိတဲ့ ဓား (သို့မဟုတ်) ဓားငယ်လေးတခုကို ဝတ်ဆင်ထားတာမြင်တွေ့ခဲ့ကြရတဲ့ ဇာတ်ဝင်ခန်းတွေကို ဖျက်ပေးဖို့ ရုပ်ရှင်ဒါရိုက်တာနဲ့ ထုတ်လုပ်သူတွေကို တောင်းဆိုမယ်လို့ ဆိုပါတယ်။
အဲဒီ အသနားခံချက်ဟာ ရုပ်ရှင်အဆင့်သတ်မှတ်ရေး ဗဟိုဘုတ်အဖွဲ့ကို တိုက်ရိုက်ဦးတည်ပြီး တကယ်လို့ ရုပ်ရှင်ကိုအဆင့်သတ်မှတ်တဲ့အခါ ပြန်လည်စဉ်းစားပေးဖို့နဲ့ အဆင့်သတ်မှတ်ခွင့်ပြုခြင်း မပြုဖို့ တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။
ရှေ့နေ Khalsa က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကြားနာမယ်လို့ တရားသူကြီးအဖွဲ့က မကြေညာခင် အဲဒီအသနားခံစာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ရုပ်ရှင်ထဲမှာ စွပ်ကျယ်နဲ့ ဘောင်းဘီတိုသာ ဝတ်ဆင်ထားတဲ့ မင်းသားခန်း ဟာ ရူပီးငွေ ၅၀၀ တန်ငွေစက္ကူပန်းကုံးကို လည်ပင်းမှာပတ်ထားပြီး “kirpan” ကို စလွယ်သိုင်းထားခဲ့တာဖြစ်ပါတယ်။ ရှေ့နေKhalsa က အဲဒီဇာတ်ဝင်ခန်းကို အထူးထောက်ပြခဲ့ပြီး “kirpan” ရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအရ အရေးပါမှုကို ပြောကြားခဲ့ပါတယ်။
“Zero” ရုပ်ရှင်မှာ မင်းသား ရှာရွတ်ခန်းနဲ့အတူ မင်းသမီးတွေဖြစ်ကြတဲ့ Anushka Sharma နဲ့ Katrina Kaif တို့လည်း ပါဝင်ထားကြပါတယ်။ ရိုးရာထုံးတမ်းဆိုင်ရာ အငြင်းပွားမှုဖြစ်နေတဲ့ အဲဒီရုပ်ရှင်ကိုလာမယ့် ဒီဇင်ဘာလ ၂၁ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
Ref: indianexpress