ကလေးသရုပ်ဆောင်အနေနဲ့ ပရိသတ်တွေ အားပေးမှုရရှိလာခဲ့တဲ့ အိစိကွေးက “အဆိပ်ရှိလူရိုင်း” ရုပ်ရှင်ကားမှာတော့ စိတ္တဇတယောက်အနေနဲ့ သရုပ်ဆောင်ထားသလို ဒီကာရိုက်တာအတွက် အများကြီးကြိုးစား ထားပြီး သူ့အနေနဲ့ ရလာဒ်ကောင်းတွေ ပြန်ရမယ်လို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။
“အဆိပ်ရှိလူရိုင်းကားထဲမှာ ကျနော်က မိဘတွေ အုပ်ထိန်းမှုမကောင်းလို့ မိဘတွေက ကိုယ့်သားသမီးတွေကို ညွှန်ပြပေးတာမကောင်းလို့ စိတ္တဇဖြစ်သွားတဲ့ ပုံစံမျိုးလေးပါဗျ။ ကျနော့် ကာရိုက်တာကို အားရပါတယ်။ ကျနော်အတွက် ပထမဆုံးကာရိုက်တာမလို့ မှန်ကြည့်ပြီးလေ့ကျင့်ခဲ့တယ်။ ကျေနပ်ပါတယ်။ အများကြီးကြိုးစား ထားတာနဲ့ တန်အောင်ရလဒ်ကောင်းတွေ ပြန်ရမယ်လို့လဲ မျှော်လင့်ထားပါတယ်”
“ကျနော်ကို ဒီကားရိုက်ဖို့လာကမ်းလှမ်းကတည်းက ကာရိုက်တာအတွက် ပြင်ဆင်ထားသလို ရိုက်ကွင်းရောက်တော့လည်း ဒါရိုက်တာ ကိုစတီးလ်က သင်ကြားပေးပါတယ်။ ဇာတ်ကားထဲမှာ အမှတ်တရက ဦးဇင်ဝိုင်း ပါးရိုက်တာ တကယ်ရိုက် လိုက်တာပါ။ သားတဲ့တကယ်ရိုက်လိုက်မယ်နော်တဲ့ ကျနော်ကလည်း ရိုက်ပါလို့ပြောတော့ ရိုက်လည်းရိုက်ရော တကယ်ကို ရိုက်လိုက်တာ ပြာတက်သွားတာပဲ”လို့ အိစိကွေးက ဆိုပါတယ်။
အိစိကွေးပါဝင်ထားတဲ့ အဆိပ်ရှိလူရိုင်း ရုပ်ရှင်ဇာတ်ကားကို မကြာခင်ရုံတင်ပြသတော့မှာ ဖြစ်ပြီး ဒီဇာတ်ကားက မိဘများသားသမီးများကို ငယ်စဉ်က ဆုံးမလမ်းညွှန်မှုပြုလုပ်ဖို့ ကောင်းကောင်းလိုတဲ့အကြောင်းကို ရိုက်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။
“ငယ်ရွယ်ချိန်မှာ မိဘရဲ့ လမ်းညွှန်မှုတွေ သွန်သင်မှုတွေ အများကြီးလိုအပ်ပါတယ်။ ငယ်ဘဝမှာ မိဘတွေက ကောင်းကောင်း သင်ကြာပေးခဲ့ရင် အသက်ကြီးလာတော့ လူတော်လူကောင်းတယောက်ဖြစ် လာတယ်ပေါ့။ စိတ်ခံစားချက်တွေနဲ့ ဆိုင်မှာပေါ့”
“ငယ်စဉ်မှာ မိဘတွေ ကွဲကွာသွားတာကြောင့် စိတ်ခံစားချက်ရတာရှိသလို မိဘတွေ ကွယ်လွန်သွားတာကြောင့်လည်း စိတ်ခံစားချက်ရတာရှိတယ်။ ဒါမျိုးကို ဒီအဆိပ်ရှိလူရိုင်းကားထဲမှာ ပြထားတာကြောင့် ပရိသတ်တွေကြည့်သင့်ပါတယ်” လို့ပြောပါတယ်။
အိစိကွေးပါဝင်သရုပ်ဆောင်ထားတဲ့ အဆိပ်ရှိလူရိုင်းဇာတ်ကားကိုတော့ ဒါရိုက်တာ ဒွေးမေတ္တာ(စတီးလ်)က ရိုက်ကူးပုံဖော် ထားပြီး နိုင်းနိုင်း၊ ခါရာ၊ ရွှေသမီး၊ အိစိကွေးနဲ့ သရုပ်ဆောင်ပေါင်းများစွာကပါဝင်သရုပ်ဆောင်ထားကြပါတယ်။