Disney ရဲ့ “Ralph Breaks the Internet” ရုပ်ရှင်ဟာ ကျေးဇူးတော်နေ့ပိတ်ရက် ရုံဝင်ငွေစာရင်းမှာ ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး ၅ ရက်ကြာ ပိတ်ရက်အတွင်းမှာ ဒေါ်လာ ၈၄ ဒဿမ ၆ သန်း ရရှိခဲ့တာကို တွေ့ရပါတယ်။
၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Wreck-It Ralph” ရုပ်ရှင်နဲ့ နောက်ဆက်တွဲဇာတ်လမ်း ရုပ်ရှင်ဟာ ကျေးဇူးတော်နေ့ကာလမှ စတင်ပြသခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ဒုတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ပထမနေရာမှာရှိနေတဲ့ ရုပ်ရှင်က “Frozen” ဖြစ်ပြီး ပိတ်ရက် ၅ ရက်အတွင်း ဒေါ်လာ ၉၃ ဒဿမ ၆ သန်း ဝင်ငွေ ရရှိခဲ့တာဖြစ်ပါတယ်။
“Ralph Breaks the Internet” ရုပ်ရှင်ဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၁၇၅ သန်း ရှိတဲ့အတွက် စရိတ်ပြန်ကျေဖို့ အချိန်နဲ့ ပရိသတ်အင်အား လိုနေပါသေးတယ်။ မူရင်းရုပ်ရှင်ဖြစ်တဲ့ “Wreck It Ralph” ကတော့ ပထမဆုံး ရုံတင်တဲ့ ၅ ရက်တာကာလမှာ ဒေါ်လာ ၄၉ သန်း ရရှိခဲ့ပါတယ်။ အခုရုပ်ရှင်မှာလည်း မင်းသား John C. Reilly နဲ့ မင်းသမီး Sarah Silverman တို့က ပြန်လည်ပါဝင်ထားကြပါတယ်။
ပြီးခဲ့တဲ့ ပိတ်ရက်ကာလမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ တာထွက်ကောင်းခဲ့တဲ့ “Ralph”တခုတည်း မဟုတ်ပါဘူး။ MGM နဲ့ New Line တို့ရဲ့ “Creed II” ရုပ်ရှင်ဟာ ၅ ရက်တာ ကာလအတွင်း ဝင်ငွေ ဒေါ်လာ ၅၅ သန်း ရရှိခဲ့ပါတယ်။ ဒါဟာ ပိတ်ရက်အတွင်း ထွက်ရှိခဲ့ဖူးသမျှ live-action ရုပ်ရှင်တွေထဲမှာ ဝင်ငွေအကောင်းဆုံးဖြစ်လာခဲ့ပါတယ်။
“Creed II” ရုပ်ရှင်မှာတော့ ဟဲဗီးဝိတ်ချန်ပီယံ Apollo Creed ရဲ့သား Donnie Creed အဖြစ် မင်းသား Michael B. Jordan နဲ့ Rocky Balboa အဖြစ် မင်းသားကြီး Sylvester Stallone (စတားလုံး) တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။
ဒါပေမဲ့ ဒီတပတ်ပိတ်ရက်မှာ ကံမကောင်းခဲ့တဲ့ ရုပ်ရှင်ကတော့ Lionsgate ထုတ်လုပ်ရေးရဲ့ “Robin Hood” ရုပ်ရှင်ဖြစ်ပြီးဒေါ်လာ ၁၄ ဒဿမ ၂ သန်းသာ ရရှိခဲ့ပါတယ်။ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း ၁၀၀ ရှိခဲ့တဲ့အတွက် အရင်းကျေဖို့ အတော်ရုန်းကန်ရဦးမှာပါ။ ဆုတွေ ရရှိဖို့ မျှော်လင့်ထားတဲ့ “Green Book” ရုပ်ရှင်ကတော့ စိတ်ပျက်စရာ ရလဒ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ရုံဝင်ငွေ ဒေါ်လာ ၅ ဒဿမ ၄ သန်းပဲ ရရှိခဲ့ပါတယ်။
Ref: reuters