ထူးခြားတဲ့ အသံကာလာလေးနဲ့ “ဝဲ” ဆိုတဲ့သီချင်းကို သီဆိုခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှ တဆင့်လူသိများလာတဲ့ အဆိုတော် Mary ကတော့ တနှစ်အကြာမှာ သူမရဲ့ ပထမဆုံး တကိုယ်အခွေ မကြာခင် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။
Mary ဆိုတဲ့ သီချင်းတွေက ပုံစံတမျိုးကွဲထွက်လေ့ ရှိတဲ့အတွက် အခုထွက်ရှိလာမယ့် “သန်းခေါင်ယံအတွေးများ” (Midnight Thoughts) လို့ အမည်ပေးထားတဲ့ အခွေထဲက သီချင်းတွေကိုလည်း တယောက်တည်းနေတဲ့ အချိန်တွေမှာ နားထောင်ဖို့ကောင်းတယ်လို့ Mary က ပြောပါတယ်။
“Mary ကို ဝဲ သီချင်းတုန်းကလို ပုံစံမျိုးထွက်လာလိမ့်မယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ အဲဒီလိုမျိုးမဟုတ်ဘဲ တယောက်တည်း ဖြစ်နေတဲ့အချိန် နားထောင်လို့ရမယ့် သီချင်းအေးအေးလေးတွေ Jazz ၊ Country ၊ Pop ၊ EDM အမျောလေးတွေ ပါမယ်”
“တယောက်တည်းဖြစ်နေတဲ့ အချိန်နားထောင်ပါ။ တယောက်တည်း ကားမောင်းနေတဲ့အချိန် နားထောင်ပါ။ ခရီးသွားတဲ့အချိန် နားထောင်ပါ။ အဲဒီလိုမျိုးအချိန်မှာ ပိုပြီးတော့ အဆင်ပြေမယ်။ ပျော်နေတဲ့အချိန် နားမထောင်ပါနဲ့။ တလုံးမှ ခေါင်းထဲ ဝင်လာမှာ မဟုတ်ပါဘူးလို့ ပြောချင်တယ်” လို့ Mary က ပြောပါတယ်။
Mary ရဲ့ “သန်းခေါင်ယံအတွေး”လို့ အမည်ပေးထားတဲ့ အခွေထဲမှာတော့ သီချင်းဟောင်း ၅ပုဒ်နဲ့ သီချင်းအသစ် ၈ ပုဒ် အားလုံးပေါင်း ၁၃ ပုဒ် ပါဝင်တယ်လို့ သိရပါတယ်။ ဒီအခွေထဲမှာတော့ Mary က ကျောင်းတက်ရင်း တဖက်ဖြင့် တကိုယ်တော်အခွေကို ဖန်တီးခဲ့ရတဲ့အတွက် အခွေအပေါ် အားရကျေနပ်မှုအနေနဲ့ ဒီ့ထက်ပိုလုပ်နိုင်သေးတယ်လို့ ပြောပါတယ်။
“ကျေနပ်အားရမှုဆိုတာ Mary က အများကြီး လိုအပ်တယ်။ ဒီအနုပညာလောကထဲကို ရောက်လာတဲ့အခါမှာ တယောက်တည်းပဲ ရောက်လာတာ။ အစအဆုံးဘယ်မှာ အသံသွင်းမယ်။ ဘယ်သူနဲ့တီးမယ်။ ဘယ်သူနဲ့ Mixing လုပ်မယ်။ အခွေက ဘယ်ထုတ်လုပ်ရေးက ဖြန့်ရတယ်။ အဲဒီလိုမျိုးကအစ တယောက်တည်းလုပ်ရတဲ့အတွက် အများကြီးလိုအပ်ချက်တွေ ရှိသွားတယ်”
“Mary သိပ်မကြာချင်တဲ့အတွက် နည်းနည်းလောလိုက်တဲ့ အပိုင်းလေးတွေ ရှိတယ်။ တနှစ်ကြာသွားတယ် ဆိုတာကလည်း ဟိုမှာ ကျောင်းပြန်တက်နေလို့ပါ။ အားရမှုကတော့ ဒီထက် ပိုလုပ်နိုင်တယ်ဆိုတာကို သိတယ်။ ဒါပေမဲ့ အကောင်းဆုံး ကြိုးစားထားတယ်။ မှားတာရှိရင်လည်း Mary ကို ဝေဖန်ပါ။ တဖက်မှာလည်း ပထမဆုံး အခွေလေး ဖြစ်တဲ့အတွက် နားလည် ခွင့်လွှတ်ပေးစေချင်ပါတယ်” လို့ Mary က ပြောပါတယ်။
ပထမဆုံးအခွေထဲက သီချင်းတွေက အပျော်ဘက်သွားတဲ့ သီချင်းတွေ မဟုတ်တဲ့အတွက် နောက်တခွေကိုတော့ အပျော်ဘက်ကိုသွားတဲ့ အချစ်သီချင်းလေးတွေ ဖန်တီးသွားမယ်လို့လည်း သိရပါတယ်။
“ပျော်တဲ့အချိန် နားထောင်ဖို့အတွက်က နောက်တခွေမှာ စဉ်းစားထားပါတယ်။ Mary က Album Theme နဲ့ သွားချင်တာ။ ဒီတခေါက်က မပျော်တဲ့ Theme ဆိုတော့ နောက်တခေါက်က ပျော်တဲ့ Theme ပေါ့။ ချစ်သူအတွက် ဆိုတဲ့သီချင်းတွေ အများကြီး ထည့်ချင်တယ်။ အရောင်ကိုက အဝါရောင်ဘက်သွားတဲ့ ပုံစံလေး လုပ်ချင်တယ်” လို့ Mary ကပြောပါတယ်။
Mary ရဲ့ “သန်းခေါင်ယံအတွေးများ” ကတော့ ဒီဇင်ဘာ ၂ရက်နေ့မှာ ထွက်ရှိတော့မှာဖြစ်ပြီး အဲဒီနေ့မှာပဲ ရန်ကုန်မြို့၊ လှည်းတန်းစင်တာ ပရိုမိုးရှင်းဧရိယာမှာ လက်မှတ်ထိုး ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။