ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Lee Tamahori ရိုက်ကူးထားတဲ့ Action , Thriller, Sci-Fi အမျိုးအစား ရုပ်ရှင်တကား၊ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Next” ရုပ်ရှင်ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ Nicolas Cage, Julianne Moore, Jessica Biel တို့အပြင် အခြားသော သရုပ်ဆောင် ပေါင်းများစွာနဲ့ ဖန်တီးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ စာရေးဆရာ Philip K. Dick ရဲ့ ဝတ္ထုတို တပုဒ်ဖြစ်တဲ့ “The Golden Man”ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၂၀၀၇ ခုနှစ်၊ ဧပြီလမှာ စတင်ပြသခဲ့ပါတယ်။
Las Vegas ရဲ့ ကလပ်တခုမှာ အချိန်ပိုင်း မျက်လှည့်ပညာရှင်အဖြစ် လုပ်ကိုင်ရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ Cris Johnson မှာ မွေးရာပါ စွမ်းအင်တခုကို ပိုင်ဆိုင်ထားပြီး အဲဒါကတော့ အနာဂတ်ကို ၂ မိနစ်ကြိုသိနိုင်ခြင်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့လို နေ့မျိုးတွေမှာ မျက်လှည့်အလုပ်ကနေ ဝင်ငွေနည်းနည်းပဲ ရတတ်တာကြောင့် သူဟာ Las Vegas ရဲ့ လောင်းကစားရုံတွေမှာ သူ့စွမ်းအင်ကို အသုံးပြုပြီး စားဝတ်နေရေးအတွက် လောင်းကစားပြုလုပ်လေ့ ရှိပါတယ်။
သူ့အတွက် အသက်ရှုသလောက် လွယ်ကူတဲ့ ကိစ္စတခုဖြစ်ပေမယ့် လုံခြုံရေးကင်မရာတွေအတွက်တော့ ထူးခြားဆန်းကြယ် ကိစ္စတခုလို ဖြစ်နေတဲ့အတွက်ကြောင့် သူ့ကို ဖမ်းဆီးဖို့ လုံခြုံရေးဝန်ထမ်းပေါင်းများစွာကို စေလွှတ်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ သူနဲ့အတူ ဘေးမှာရပ်နေတဲ့ လူတယောက်ဟာ ဓားပြတိုက်နေပြီး ရောက်ရှိလာတဲ့ လုံခြုံရေးဝန်ထမ်း တယောက်ကို သေနတ်နဲ့ ပစ်ခတ်လိုက်ပါတော့တယ်။ ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိတဲ့ Cris က ဓားပြကို ဖမ်းချုပ်ပြီး သေနတ်ကို လုယူလိုက်နိုင်ပေမယ့် လုံခြုံရေးတွေအမြင်မှာတော့ သူဟာ သေနတ်ကိုင်ဆောင်ထားတယ်လို့ အမြင်သက်ရောက်စေပါတယ်။
လောင်းကစားရုံထဲမှာ လိုက်လံဖမ်းဆီးနေတဲ့ လုံခြုံရေးတွေကို လက်မတင်လေး ရှောင်တိမ်းသွားဖို့ကလည်း သူ့အတွက် လွယ်ကူလွန်းနေပါတယ်။ သူ့အိပ်မက်ထဲမှာ အမျိုးသမီးငယ်တဦးကို ၈ နာရီ ၉ မိနစ်တိုင်း တွေ့မြင်နေရတာဖြစ်ပြီး အဲဒီအိပ်မက်ဟာ သူထိုင်နေကျ စားသောက်ဆိုင်တခုမှာလို့ Cris က မှတ်မိနေတဲ့အတွက် မနက် ၈ နာရီနဲ့ ည ၈နာရီ အချိန်တိုင်း စားသောက်ဆိုင်မှာ ဘယ်သူမှန်းမသိတဲ့ အမျိုးသမီးကို သွားရောက်စောင့်ဆိုင်းနေလေ့ ရှိပါတယ်။
ရုရှားအကြမ်းဖက်သမားတွေဟာ နျူကလိယ ဗုံးတလုံးကို ဆိပ်ကမ်းမှတဆင့် သယ်ဆောင်လာခဲ့တာဖြစ်ပြီး သူတို့ဟာ အခုလို အမေရိကန်ရဲ့ မြို့တခုကို ဖောက်ခွဲဖြစ်ဖို့ အချိန် ၂ နှစ်ကျော် ကြိုးစားခဲ့ကြတာလည်းဖြစ်ပါတယ်။ FBI အနေနဲ့ သတင်းသာ ရရှိခဲ့ပေမယ့် ဘယ်အချိန် ဘယ်နေရာမှာ ဖောက်ခွဲမှုဖြစ်မယ်ဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် Cris ရဲ့ အကူအညီကို ရယူဖို့လိုက်လံ ရှာဖွေနေခဲ့ပြီး ရုရှားအကြမ်းဖက်သမားတွေကလည်း Cris ကို လက်စဖျောက်ဖို့ လိုက်လံရှာဖွေနေခဲ့ပါတယ်။
ချစ်ရတဲ့ မိန်းကလေးနဲ့အတူ Cris ဟာ ဖမ်းဆီးမှုတွေကနေ လွတ်မြောက်အောင် ရှောင်ပုန်းနိုင်ပါ့မလား၊ ဗုံးပေါက်ကွဲမှုကို တားဆီးနိုင်ပါ့မလားဆိုတာ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုကြရမှာဖြစ်ပါတယ်။ IMDb rating (6.2) ရရှိထားတဲ့ Action ဇာတ်ကားကောင်း တကား ဖြစ်တာမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။