ဇာတ်ကားတိုင်းမှာ ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံက “ဘူဇွာဟိုတယ်” ရုပ်ရှင်မှာ မြင့်မြတ်ကို ကြိုက်တဲ့ ကာရိုက်တာနေရာကနေ သရုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။ “ဘူဇွာဟိုတယ်”ရုပ်ရှင်က ပွင့်လင်းရာသီမှာ ပရိသတ်တွေကို ပျော်စေချင်တဲ့ ဟာသကားလို့လည်း သူက ဆိုပါတယ်။
“ဘူဇွာဟိုတယ် ဇာတ်ကားက ပွင့်လင်းရာသီမှာ ပရိသတ်တွေကို ပျော်စေချင်တဲ့ ဟာသကားလေးပါပဲ။ဒါရိုက်တာက သူ့ကာရိုက်တာနဲ့ သူ ထိမိပြီး သူအဖွဲ့နဲ့သူ ဟာသလေးတွေ Plot လေးတွေနဲ့ လုပ်ထားတာ။ ဟိုတယ်က မန်နေဂျာကို ကြိုက်ရတဲ့ ကာရိုက်တာလေးပါ။ ဒီကားလေးကတော့ ပရိသတ်တွေရယ်မောပျော်ရွှင်ရမယ့် ဟာသကားလေးပါ”လို့ တက္ကသိုလ် ဂွမ်းပုံက ပြောပါတယ်။
“မဂွမ်းအခု ‘စိန်ဂေါ်လီမ ယောကျာ်း’ ဇာတ်ကားကို ရိုက်နေတာဖြစ်တဲ့အတွက် မနက်မိုးလင်းတာနဲ့ ရှုတင်သွားနေတာနဲ့ ဘာမှ မလုပ်ဖြစ်ဘူး။ လှုပ်လို့တောင် မရဘူး ဖြစ်နေတာ။ မဂွမ်းက အခန်းနည်းနည်းများများ လုပ်ကွက်ရမယ့် ကာရိုက်တာကို သရုပ်ဆောင်ပါတယ်။ တခါတလေ မဂွမ်းရေ တခန်းပဲပါတယ်။ အဲ့ဒီပါတဲ့ တခန်းကလည်း အရေးကြီးတယ်။ မဂွမ်းကူညီပါ ဆိုတာလည်း ကြုံဖူးတယ်”
“မဂွမ်းတို့က လုပ်ကွက်ရှိမှ ရွေးချယ်တာမျိုး မဟုတ်ပါဘူး။ ဒါရိုက်တာ ချမှတ်ပေးလိုက်တဲ့ ကာရိုက်ပေါ်မှာ ထိမိအောင် မဂွမ်းတို့သည် အပြင်က တက္ကသိုလ်ဂွမ်းပုံ မဟုတ်ဘဲနဲ့ အဲ့ကားထဲက လူတယောက်အဖြစ် ဈာန်ဝင်စားချင်တယ်။ မဂွမ်းတို့က သရုပ်ဆောင်ဖြစ်ချင်တာ”လို့ ဂွမ်းပုံက ဆိုပါတယ်။
သရုပ်ဆောင်လည်းကောင်းသလို ချစ်စရာလည်းကောင်းတဲ့ တက္ကသိုလ်ဂွမ်းပုံက စိတ်ပျိုအောင်နေပြီးပြဿနာဖြစ်လာရင် ဖြေရှင်းနိုင်အောင်ကြိုးစားကာ ဘုရားတရားများများ လုပ်တာကြောင့် ရုပ်ရင့်တာတွေသိပ်မရှိဘူးလို့ ဆိုပါတယ်။
“သရုပ်ဆောင်ဖြစ်တဲ့အတွက်လည်း ခန္ဓာကိုယ်ကအစ ထိန်းတယ်။ Skin care လည်း သုံးတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ပျိုအောင် နေတယ်။ ပြဿနာဖြစ်လာရင် ဖြေရှင်းနိုင်အောင်ကြိုးစားတယ်။ ဘုရား၊ တရားများများလုပ်တယ်။ ကိုယ်သွားနေတဲ့ လမ်းမှာ ပျော်ရွှင်စွာ နားလည်မှုများစွာနဲ့ အလုပ်လုပ်ရင် ရုပ်ရင့်တာတွေ သိပ်မရှိတော့ဘူးပေါ့”လို့ တက္ကသိုလ် ဂွမ်းပုံက ပြောပါတယ်။
“ဇာတ်ကားကောင်းတွေပေါ်ထွက်လာတာက အနုပညာရှင်တွေနဲ့အတူ ပရိုဂျူဆာတွေကလည်း ငွေအင်အား စိုက်ထုတ်တယ်။ ဒါရိုက်တာတွေကလည်း ဇာတ်ညွှန်း ကောင်းကောင်းတွေ ရှာကြတယ်။ ဇာတ်ညွှန်းသမားတွေကလည်း သေချာပီပြင်အောင်ရေးတယ်။ အနုပညာရှင်တွေကလည်း ငှားလိုက်ပြီဆိုတာနဲ့ ဘယ်လိုတွေလုပ်ကိုင်မလဲဆိုတာကို တယောက်နဲ့ချိတ်ဆက်မိအောင် ကြိုးစားကြလို့ ကောင်းတာပါ”
“မဂွမ်းတို့က ဇာတ်ကားတကား ဇာတ်ညွှန်းပေးလိုက်ပြီဆိုတာနဲ့ ဒီနေရာကတော့ ကျမ မလုပ်ချင်ဘူး။ ဘယ်နေရာမှာနေချင်တယ်ဆိုပြီး အဲ့လိုမျိုးလုပ်တာ မရှိဘူး။ ဘာလို့လဲဆိုတော့ ဒါရိုက်တာတွေ၊ ပရိုဂျူဆာတွေ ဇာတ်ညွှန်းတွေ ရွေးလိုက်ပြီဆိုကတည်းက ဒီနေရာက ထင်ထင်သာသာ မဂွမ်းတို့ကို ပေါ်နေတာကြောင့် သူတို့ကလေးလေးစားစားနဲ့ ငှားသလို ဂွမ်းတို့ကလည်း လေးလေးစားစားနဲ့ လုပ်ကိုင်ကြတယ်”လို့လည်း ဂွမ်းပုံက ပြောပါတယ်။
တက္ကသိုလ် ဂွမ်းပုံရဲ့ အနုပညာသက်တမ်းကတော့ အရမ်းကို ကြာနေပါပြီ။ ရုပ်ရှင်ဇာတ်ကား အဖြူအမည်း ခေတ်ကတည်းက အနုပညာအလုပ်ကို ဆောင်ရွက်လာတဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေနေရာနဲ့ အစ်မကြီးနေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။
တက္ကသိုလ် ဂွမ်းပုံဟာ ၂၀၁၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို “ဤအရာကို အချစ်ဟုခေါ်သလား” ရုပ်ရှင်နဲ့ ရရှိခဲ့သူ ဖြစ်ပါတယ်။ “ဘူဇွာဟိုတယ်” ရုပ်ရှင်မှာ သရုပ်ဆောင် မြင့်မြတ်၊ ခင်လှိုင်၊ ရွှေသမီး၊ တက္ကသိုလ်ဂွမ်းပုံနဲ့ အခြား သရုပ်ဆောင်များစွာ ပါဝင်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။