tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မှာဖြစ်ပြီး ပရိသတ်တွေတော်တော်များများ စိတ်ဝင်စားနေတဲ့ “Memories of the Alhambra” ဇာတ်လမ်းတွဲ စာနယ်ဇင်း မိတ်ဆက်ပွဲကို ယနေ့၊ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
စနေ၊ တနင်္ဂနွေန့တိုင်းမှာပြသမယ့် အဲဒီဇာတ်လမ်းတွဲမှာတော့ မင်းသား Hyun Bin (ဟွန်ဘင်း) နဲ့မင်းသမီး Park Shin-hye (ပတ်ရှင်ဟေး) တို့က အဓိက ခေါင်းဆောင် ပါဝင်ထားကြပြီး ဇာတ်လမ် းအမျိုးအစားကတော့ အချစ်၊ ဒရာမာ၊ သိပ္ပံစိတ်ကူးယဉ်၊ ထူးခြားဆန်းကြယ်ပုံစံ ဖြစ်ပါတယ်။
မကြာခင် ပြသမယ့် အဆိုပါ ဇာတ်လမ်းတွဲဟာ မှော်ပညာနဲ့ သိပ္ပံပညာ၊ အန်နာလော့နဲ့ ဒစ်ဂျစ်တယ်၊ ခေတ်မီနဲ့ ခေတ်ဟောင်း၊ Granada နဲ့ ဆိုးလ်မြို့လိုမျိုး မတူကွဲပြားတဲ့ အရာတွေကြားမှာ ရှိနေတဲ့သူ နှစ်ဦးအကြောင်းကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းတွဲရဲ့ ပထမဆုံးအပိုင်းအနည်းငယ်ကို စပိန်နိုင်ငံ Granada မြို့မှာ သွားရောက် ရိုက်ကူးခဲ့ပြီး ဒါဟာလည်း မရေမတွက်နိုင်တဲ့ ယှဉ်ပြိုင်သူတွေနဲ့ ကွဲပြားအောင် လုပ်ဆောင်ဖို့ နိုင်ငံရပ်ခြားရိုက်ကွင်းတွေအထိ သွားရောက်ရိုက်ကူးကြတဲ့ အခုခေတ်ပေါ် ဒရာမာ Trend တခု ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်တုန်းက နာမည်ကျော်ခဲ့တဲ့ ရုပ်သံစီးရီး “Secret Garden” မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဟွန်ဘင်းဟာ ဒီဇာတ်လမ်းတွဲမှာတော့ အမျိုးသားအဆိုတော်အဖွဲ့ EXO မှ အဖွဲ့ဝင် Chanyeol ပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင် ဂိမ်းပရိုဂရမ်မာတဦးနဲ့ တွေ့ဆုံဖို့ Granada မြို့ကို အလုပ်ကိစ္စနဲ့ ထွက်လာခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက စီအီးအို Yoo Jin Woo အဖြစ် သရုပ်ဆောင်ထားပါတယ်။
အဲဒီနောက် သူဟာ အဲဒီ ပရိုဂရမ်မာရဲ့ အစ်မနဲ့ သူနေထိုင်တဲ့ ဟိုတယ်ပိုင်ရှင် Jung Hee Ju (ပတ်ရှင်ဟေး)နဲ့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရာမှ အချစ်ဇာတ်လမ်း တပုဒ် ဖြစ်ပေါ်လာခဲ့ပါတော့တယ်။
“Guardian: The Lonely and Great God” တို့လိုမျိုး ကမ္ဘာကျော်ဇာတ်လမ်းတွဲကို ထုတ်လုပ်ခဲ့တဲ့ Studio Dragon ကပဲ အခုဇာတ်လမ်းတွဲကို ထုတ်လုပ်ပေးထားတာဖြစ်ပြီး တောင်ကိုရီးယားမှာပြသပြီး တနာရီအကြာမှာ ကမ္ဘာလုံးက ပရိသတ်တွေကြည့်ရှုနိုင်ဖို့ Netflix အခပေး ရုပ်ရှင် ဝက်ဘ်ဆိုက်မှာလည်း တင်ပေးမှာဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းတွဲကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့၊ ကိုရီးယားစံတော်ချိန် ည ၉ နာရီမှာ စတင်ထုတ်လွှင့်ပြသသွားမှာပါ။
Ref:Yonhap