ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ သဘာဝကျကျ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်က ယနေ့တိုင် အားပေးနေကြတဲ့ သရုပ်ဆောင် မင်းဟိဏ်းက အချိန်ကာလ တခုအကြာ မူးယစ်ဆေးဝါးရဲ့သားကောင်ဘဝဖြင့် ရှိနေခဲ့တာကြောင့် ပရိသတ်ရှေ့ကနေ ပျောက်ကွယ်သွား ခဲ့ပါတယ်။
အခုချိန်မှာတော့ သူကိုယ်တိုင် မူးယစ်သားကောင်ဘဝမှ ရုန်းထွက်ခဲ့ပြီး လူကောင်းတယောက်အနေနဲ့ ကြိုးစားနေထိုင်လျက်ရှိတဲ့ အကြောင်းအရာများ၊ သူ့ဘဝရဲ့ အတွေ့အကြုံများကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် ယုဖြူဟန်က သရုပ်ဆောင် မင်းဟိဏ်းနဲ့ သီးသန့် တွေ့ဆုံကာ အခုလိုပဲ မေးမြန်းထားပါတယ်။
မေး။ ။ ကိုမင်းဟိဏ်း အနေနဲ့ ပရိသတ်တွေရှေ့ကနေ အချိန်ကာလ တခုအကြာအထိ ပျောက်သွားခဲ့တဲ့ အကြောင်း အရင်ဆုံး ပြောပြပေးပါ။
ဖြေ။ ။ ကျနော် ပရိသတ်ရှေ့က ပျောက်သွားတယ်။ ကား မရိုက်ဖြစ်တာတွေက ဘာကြောင့်လဲဆိုရင်တော့ ကျနော်ပေတာ နည်းနည်းများသွားတယ်။ အိမ်နဲ့နည်းနည်း ပြဿနာဖြစ်တယ်။ အခက်အခဲ နည်းနည်း ဖြစ်သွားခဲ့တယ်။ အဖေ၊ အမေနဲ့ စိတ်ဆိုးပြီးတော့ အိမ်ပေါ်က ဆင်းလာခဲ့တယ်။ ကိုယ့်ဘာသာ အပြင်မှာ တယောက်တည်းနေပြီးတော့ ကားလည်းမရိုက်ဖြစ်ခဲ့ဘူး။ စိတ်ထဲမှာ မပါဘူးဖြစ်ခဲ့တာ ကြားထဲမှာ ၂ နှစ်လောက် ကြာသွားတယ်။
အဲဒီအချိန်မှာ ကျနော် အမှန်အတိုင်း ပြောရရင် မူးယစ်ဆေးဝါး သုံးခဲ့တယ်။ ကျန်းမာရေးရော လူမှုရေးရော ဆိုးဝါးခဲ့တယ်။ ပရိသတ်အရှေ့တော့ မရောက်ခဲ့ပေမယ့် အပြင်မှာ ကိုယ့်ဘာသာ ဆိုးခဲ့တယ်။ အဲဒီလိုမျိုးနဲ့ ၂နှစ်လောက် ကြာခဲ့တယ်။ ပြီးခဲ့တဲ့ ၆လကျော်ကျော်လောက်ကမှ မိဘကိုပြန်တောင်းပန်ပြီးတော့ မိဘနဲ့ပြန်နေဖြစ်တာ။ မူးယစ်ဆေးဝါးကိုလည်း ဆေးရုံတက်ပြီးတော့ ဖြတ်ခဲ့တယ်။ ဘုန်းကြီးလည်း ဝတ်ခဲ့တယ်။ စိတ်ကို ပြန်တည်ငြိမ်အောင် ၆ လလောက် အခုလို ပြန်ဖြစ်အောင် နေခဲ့တယ်။
မေး။ ။ အဲဒီလိုမျိုးတွေဖြစ်နေတုန်းမှာ ဘယ်သူတွေနဲ့ တွေ့ဆုံပြီး ဘယ်လိုမျိုးတွေ ဖြတ်သန်းခဲ့လဲ။
ဖြေ။ ။ အဲဒီအချိန်မှာ လုပ်ငန်းထဲက အပေါင်းအသင်းနဲ့ မိသားစုအသိုင်းအဝိုင်းနဲ့ လူတွေနဲ့ မပေါင်းဖြစ်တော့ဘဲ တခြားအသိုင်းအဝိုင်း၊ လူငယ်၊ လူလတ်၊ မူးယစ်ဆေးဝါး အသိုင်းအဝိုင်းနဲ့ ပေါင်းသင်းပြီး နေဖြစ်လိုက်တာ ၂ နှစ်လောက် ကြာသွားတယ်။ ကျနော် ပြန်အသိဝင်လာတဲ့အခါမှာ ၂ နှစ်ကျော် ကြာသွားတယ်။
အဲဒီအချိန်မှာ ကိုယ့်အသိစိတ်နဲ့ ငါဒီလိုနေလို့ မရဘူးဆိုပြီး ကိုယ့်ဘာသာပြန်ပြင်လိုက်တယ်။ အသိစိတ်ဝင်လာတဲ့အခါမှာ ပြန်ထိန်းလိုက်တယ်။ အဲဒီအချိန်က ပေါင်းသင်းလာတဲ့ အပေါင်းအသင်းတွေနဲ့က ရေရှည်တော့ မလွယ်ဘူး၊ ဒီတိုင်းတော့ မဖြစ်ဘူးဆိုပြီး ကိုယ့်အသိစိတ်ဓာတ်နဲ့ ပြန်ပြီး အသိဝင်လာတယ်။
မိဘတွေကိုလည်း ပြန်တောင်းပန်ပြီး အလုပ်ပြန်လုပ်မယ်။ အနုပညာလောကမှာ ဒီတိုင်းကြီးနေလို့လည်း မဖြစ်ဘူး။ အရှုံးပေးရာ ကျမယ် ဆိုပြီး ဆုံးဖြတ်ပြီး မိဘတွေဆီ ပြန်နေတယ်။ အဲဒီ ၂ နှစ်ကျော်အချိန်မှာဆိုရင် ကျနော့်မှာရှိတာတွေ အကုန်လုံးကို သုံးပစ်လိုက်တယ်။ လုပ်ချင်တာတွေ လုပ်ပစ်လိုက်တယ်။ အသိစိတ်ဝင်လာတဲ့အခါမှာ ဒီတိုင်းကြီးပဲ မျောနေလို့ မရဘူးဆိုတဲ့ အသိစိတ်နဲ့ ဒီဘက်ကို ပြန်ရောက်လာတာ။
မေး။ ။ ဒီဘက် လမ်းကြောင်းပေါ်ကိုကျတော့ ဘယ်လိုပုံစံနဲ့ ပြန်ရောက်လာခဲ့တာလဲ။
ဖြေ။ ။ ဒီဘက်ကို ပြန်ရောက်လာတယ်ဆိုတာက အဲဒီအချိန်က ပေါင်းသင်းခဲ့တဲ့ အသိုင်းအဝိုင်းမှာက ရေရှည်ကျတော့ ကျနော့်အနေနဲ့ ခဏပဲ ရတယ်။ အသိုင်းအဝိုင်း မတူတာလည်းဖြစ်တယ်။ ပြီးတော့ မူးယစ်ဆေးဝါးတွေ ဘာတွေဆိုတာ ခဏပဲ။ ရေရှည် မရဘူး။ လူရှေ့သူရှေ့ ပတ်ဝန်းကျင်မှာ မြင်လို့မကောင်းတာတွေ အများကြီး ဖြစ်တယ်ပေါ့။ ဒီတိုင်းနေပြီး ဘဝကို အဆုံးခံမလား။ အဆုံးခံလို့တော့ မဖြစ်ဘူး။
လူတယောက်အနေနဲ့ ကိုယ့်ဘဝကိုတော့ ဘယ်လိုမှ အဆုံးခံလို့ မရဘူး။ အဲဒီလို အသိစိတ်ဝင်လာတဲ့အချိန်မှာ အဲဒီစိတ်ကိုငြိမ်အောင် ဖမ်းလိုက်ပြီး ဘယ်လိုလုပ်မလဲ၊ ကောင်းမလဲ ပြန်စဉ်းစားတယ်။ ပထမဦးဆုံးတော့ မိဘကို တောင်းပန်တယ်။ ပြီးတော့ မောင်နှမတွေ အကုန်လုံးကို ပြောပြတိုင်ပင်တော့ အကုန်လုံးက နွေးနွေးထွေးထွေးနဲ့ ကြိုဆိုကြတယ်။
မေး။ ။ ကိုမင်းဟိဏ်းက အိမ်ထောင်တွေ ဘာတွေ ပြုပြီးပြီလား။
ဖြေ။ ။ အခုထိတော့ အိမ်ထောင် မပြုရသေးဘူး။ အိမ်ထောင် မပြုဖြစ်ခဲ့တာလည်း ပါတယ်။ ၂ခါ ၊ ၃ခါတော့ စဉ်းစားဖူးပါတယ်။ မပြုဖြစ်ခဲ့တာပေါ့။
မေး။ ။ အိမ်ထောင်လည်း မရှိတဲ့ အခါကျတော့ အချုပ်အနှောင်ကင်းပြီး လွတ်သွားတဲ့သဘောဖြစ်ခဲ့တာလား။
ဖြေ။ ။ အင်း အဲဒီလိုမျိုးပေါ့။ လူတယောက်က မသိရင်တော့ ဒီမူးယစ်ဆေးဝါးနဲ့ ကောင်းပြီး မျောနေမှာပဲ။ ပတ်ဝန်းကျင်ကိုလည်း မြင်ရကောင်းမှန်း မသိ၊ လုပ်သင့်မှန်း မသိ၊ လူက ဦးနှောက်ရော စာရိတ္တရော ပျက်လာတယ်။ ပျက်လာတဲ့အချိန်ကျတော့ တသက်လုံး နှစ် ၂၀၊ ၃၀ နေလာတဲ့အသိုင်းအဝိုင်းနဲ့တော့ မလဲနိုင်ဘူးဆိုပြီး အသိစိတ်ဝင်ပြီးတော့ ဒီဘက်ကို ပြန်ရောက်လာတာ။
မေး ။ ။ လူမှုကွန်ရက်စာမျက်နှာဆိုရင်လည်း ကိုမင်းဟိဏ်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို တွေ့နေရတာတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြပေးပါ။
ဖြေ။ ။ အဲဒီအချိန် ၂နှစ်လောက်က အမှန်အတိုင်းပြောရရင် သုံးစွဲထားတဲ့အခါကျတော့ မှတ်မိတာလည်း ရှိတယ်။ မမှတ်မိတာလည်း ရှိတယ်။ အခုပြန်အဆင်ပြေသွားတဲ့ ၆ လအတွင်းမှာ ပြန်တွေ့တယ်။ တချို့မှတ်မိတဲ့သူတွေလည်း မမှတ်မိတဲ့သူတွေလည်း ရှိတယ်။ ဘယ်လိုမှ စဉ်းစားလို့ မရဘူး။
မှတ်မိတဲ့ဟာတွေကျတော့လည်း ကျနော် နှိပ်စက်ခဲ့တာတွေ အများကြီ းရှိခဲ့တယ်။ မှတ်မိတာတွေဆို တတ်နိုင်သလောက် တောင်းပန်တယ်။ လိုအပ်တာတွေကို တတ်နိုင်သလောက် ပြန်ဖြည့်ဆည်းပေးမယ်လို့ ပြောတယ်။ ကိုယ်က မသိပေမယ့် ကိုယ့်ကိုချစ်လို့ ခင်လို့ ကူညီလိုက်တာလည်း ရှိတယ်။ ကိုယ့်အသိုင်းအဝိုင်း မဟုတ်ပေမယ့် လေးစားလို့ ကူညီတာတွေလည်း ရှိတယ်။
မေး။ ။ အဲဒီသူတွေဆီကနေ ဘယ်လိုစကားမျိုး ပြန်ကြားရတာတွေ ရှိလဲ။
ဖြေ။ ။ အဲဒီအချိန်မှာ တော်တော်များများပြောတာတော့ ကျနော် ဘယ်လိုပဲ ုဖစ်ဖြစ်ပါတဲ့။ ကျနော်၊ ကျမတို့ ဘေးအမြင်အရ ဘာမှ စိတ်မထားဘဲ ကူညီလိုက်တာပါတဲ့။ အခုဆိုရင်လည်း ဒီလိုမျိုးကောင်းသွားတာပဲ မြင်စေချင်တယ်။ မကောင်းခဲ့တဲ့ အချိန်တုန်းကဆိုရင်လည်း ပြောမထွက်တာတွေ ရှိခဲ့တယ်ဆိုပြီးတော့ ပြောကြပါတယ်။
မေး။ ။ တချိန်ကမူးယစ်ဆေးဝါးရဲ့ သားကောင်တယောက် ဖြစ်ခဲ့တဲ့အတွက် အခုချိန်မှာ ကိုယ့်အတွက် ဘယ်လိုသင်ခန်းစာတွေ ရခဲ့လဲ။
ဖြေ။ ။ သင်ခန်းစာရတာထက်ကို နောင်တတော့ မဟုတ်ဘူး။ ကိုယ့်လုပ်ခဲ့တဲ့ ကိစ္စအတွက်ကို ဖြတ်သန်းခဲ့တဲ့ ၂ နှစ် ၊ ၃ နှစ်ကာလလေးမှာ ဘာတွေ ဖြစ်သွားလဲဆိုရင် ဘဝတခုပေါ့။ ဘဝ တခုဆိုတာ အသိုင်းအဝိုင်း ရှိမယ်။ အသိုင်းအဝိုင်းတခုက မူးယစ်ဆေးဝါးကြောင့် ဖယ်ခံထိခဲ့တယ်။ လူကောင်းတယောက်အနေနဲ့ ပြန်နေမယ်ဆိုတဲ့ အချိန်မှာ ဆုံးရှုံးသွားတာတွေရှိခဲ့တယ်။
ပိုင်ဆိုင်မှုတွေရော၊ အကျင့်စာရိတ္တအနေနဲ့ကတော့ အရမ်းပျက်စီး မသွားခဲ့ဘူး။ အချိန်မီ ပြင်ဆင်လိုက်နိုင်တယ်။ အဲဒီတခုကတော့ ဝမ်းသာစရာ ကောင်းတယ်။ အခုလူငယ်တွေကို ပြန်တွေ့ရင် မလုပ်သင့်ဘူးဆိုပြီး ကျနော့်ရဲ့အခက်အခဲတွေနဲ့ ယှဉ်ပြီး ပြောပြဖြစ်တယ်။ အကူအညီ လိုရင်လည်း ကူညီဖို့အတွက် အဆင်သင့်ပါပဲ။
မေး။ ။ ဒီလို မူးယစ်ဆေးဝါးနွံထဲကနေ ရုန်းထွက်နိုင်ဖို့အတွက် ဘယ်လို အကြံဉာဏ်မျိုးပေးချင်တာ ရှိမလဲ။
ဖြေ။ ။ အခုတော့ လူငယ်တွေထဲမှာ ရာခိုင်နှုန်းအားဖြင့်တော့ တော်တော်နည်းလာပြီ။ အရင် ၂ နှစ်၊ ၃နှစ်ကလောက်တော့ မဆိုးတော့ဘူး။ အဲဒီတုန်းက ညီအစ်ကိုတွေလို မောင်နှမတွေလို နေခဲ့တဲ့သူတွေကို တတ်နိုင်သလောက်တော့ ဆေးကုသမှု ခံယူဖို့အတွက် ကူညီဖို့စဉ်းစားထားတာ ရှိပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ ဘာတွေ လိုက်ပို့ပေးဖို့အတွက် စီစဉ်ထားတာရှိပါတယ်။ ။