ဇာတ်ကားတွေ ရိုက်ကူးမှု နည်းပါးချိန် ခရီးတွေထွက်ဖြစ်နေတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်က နယ်မင်းသားတွေနဲ့ ရိုက်တဲ့အခါ ပရိသတ် ဝေဖန်မှာ မစိုးရိမ်ဘူးလို့ ဆိုပါတယ်။
“လတ်တလောတော့ ကားရိုက် မရှိသေးပါဘူး။ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတော့ ကိုနေထူးနိုင်နဲ့ ကားရိုက်ထားတယ်။ နောက် “အောက်ဖဲ မလှန်ကြေး” ဇာတ်ကားကြီးလည်း ရိုက်ထားပါတယ်”
“ဗီဒီယိုကားနဲ့ ဇာတ်ကားကြီး ကွာခြားမှုကတော့ အကုန်လုံးက တာဝန်ကြီးတာပါပဲ။ ရုပ်ရှင်ကားကြီးကြတော့ အားပိုစိုက်ရတယ်။ ရွှေပိုးဘယ်အလုပ်ပဲ လုပ်လုပ် အင်နဲ့အားနဲ့တော့ လုပ်တာပါပဲ။ နယ်မင်းသားတွေနဲ့ ရိုက်တဲ့အခါလည်း ဝေဖန်မှာလည်း မစိုးရိမ်ပါဘူး။ နယ်တို့ မြို့တို့ဆိုတာ အနုပညာလုပ်တဲ့ သူတွေပဲ ခွဲခြားထားတာပါ”လို့ ရွှေပိုးအိမ်က ဆိုပါတယ်။
အနုပညာရှင်တွေ အောင်မြင်တာဟာ နယ်ပရိသတ်တွေ အားပေးတာကြောင့်လို့ ရွှေပိုးအိမ်က ဆိုပါတယ်။
“နယ်က ပရိသတ်တွေဆိုရင် အနုပညာကို အမှန်အကန် အားပေးကြတယ်။ ရန်ကုန်က အားပေးကြပါတယ်။ နယ်ကတော့ မြန်မာကားတွေကို ကြည့်ကြတယ်။ သူတို့က နိုင်ငံခြားကားကို မကြိုက်ကြဘူး။ အဲ့တော့ နယ်က ပိုအားပေးကြတယ်။ ရွှေပိုး ထင်တယ်။ အနုပညာသမားတွေ အောင်မြင်တာ နယ်က ပရိသတ်တွေ အားပေးလို့ ပိုအောင်မြင်ကြတာ”
“ရန်ကုန်ကကျတော့ ကိုရီယားကားတွေ နိုင်ငံခြားကားတွေ ပိုကြည့်ကြတယ်။ နယ်တွေမြို့တွေ ဆိုတာနေတဲ့ နေရာပေါ်မှာ မူတည်ပြီး ခွဲလိုက်ကြတာလေ။ ရွှေပိုးတို့ ကိုနေထူးနိုင်တို့ ကိုနေမျိုးအောင်တို့ ရိုက်တာပဲဖြစ်ဖြစ်၊ သူတို့က ပရိသတ်ကြိုက်တဲ့ အနုပညာရှင် ဖြစ်နေတော့ ရွှေပိုးတို့ရိုက်ရင် သူတို့ဆီက ပညာတွေ အများကြီးရတယ်။ ဇာတ်ကားတွေရိုက်ဖို့ မရှိတော့ ခရီးတွေသွားဖြစ်တယ်”လို့ ရွှေပိုးအိမ်က ဆိုပါတယ်။
ရွှေပိုးအိမ်ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပြီး သူ့အနေနဲ့ ဇာတ်ကား တော်တော်များများမှာ ဒုတိယ မင်းသမီးနေရာက အမြဲပါဝင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ခေါင်းဆောင် မင်းသမီးတယောက် အဖြစ် ရွှေပိုးအိမ်က ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။