အချိန်ကာလတခုကြာ ရပ်တန့်နေတဲ့ ဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးရေးကို သရုပ်ဆောင် လူမင်းက ဒါရိုက်တာအဖြစ် တာဝန်ယူ ရိုက်ကူးသွားမှာဖြစ်ပြီး ဒီတာဝန်ကို စယူကတည်းက ပြီးအောင်လုပ်နိုင်မယ်လို့ ယုံကြည်စိတ်ရှိလို့ လုပ်ဆောင်ခဲ့တာလို့ လူမင်းက ပြောပါတယ်။
“ဇာတ်ညွှန်းအဖွဲ့တွေ ရိုက်ကူးရေးအဖွဲ့တွေ ဒီဇိုင်နာအဖွဲ့တွေ အားလုံးကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းအသစ် ပြန်ရေးပြီးတော့ အခန်းစဉ် ၅၀ ထိ အချက်အလက်မှန် အတည်ပြုနိုင်ခဲ့ပြီးပါပြီ။ ကျနော်တို့အတွက် အဓိက စိန်ခေါ်မှုက ဇာတ်ညွှန်းပါပဲ။ ဇာတ်ညွှန်းကအားလုံးဝိုင်းပြီး ဆောင်ရွက်ကြတာပါ”
“ကျနော် ဒီဗိုလ်ချုပ်ရုပ်ရှင် ရိုက်ကူးဖို့ ထမ်းဆောင်မယ်ဆိုကတည်းက ကိုယ့်ကိုယ်ကို အရင်မေးပြီးမှ ဒီတာဝန်ကို ပြီးအောင်လုပ်နိုင်မယ်လို့ ယုံကြည်စိတ်ရှိလို့ လုပ်ဆောင်ခဲ့တာပါ။ ဝေဖန်မှုတွေအတွက်လည်း ၂ မျိုး ရှိတာပေါ့နော်။ အကောင်းမြင်ပြီး ဝေဖန် အကြံပေးတာတွေရှိသလို သက်သက်ဝေဖန် တိုက်ခိုက်တာ ရှိတယ်။ အားလုံးကို ကျနော်တို့ ခံယူရမှာဖြစ်ပါတယ်။ အဲ့အတွက် ကျနော်တို့ရဲ့ သတင်းအချက်အလက် အမှန်တွေကို ပြည်သူတွေသိဖို့ ဝက်ဆိုဒ်တွေ ထူထောင်တာတွေ လုပ်သွားမယ်”လို့ လူမင်းက ပြောပါတယ်။
လွန်ခဲ့ ၁၅နှစ်က “ကျန်စစ်မင်း” ဇာတ်ကားကို ဒါရိုက်တာအဖြစ် စတင်ရိုက်ကူးခဲ့တဲ့ လူမင်းက ၁၅ နှစ်ကြာ စုဆောင်းလာတဲ့ အတွေ့အကြုံ ဗဟုသုတတွေနဲ့ ဗိုလ်ချုပ်ရုပ်ရှင်ကို ခန့်ခန့်ထည်ထည် ကြွားကြွားဝါဝါ ဖြစ်အောင် အဆင့်အတန်းရှိရှိ ဖြစ်အောင် ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
“ဟိုဘက်ခေတ်ကို ရိုက်ရမှာဆိုတော့ ဟိုဘက်ခေတ်နဲ့ တထပ်တည်း ဖြစ်အောင် ဒီဇိုင်နာတွေနဲ့ ကြိုးစားပြီး ဆောင်ရွက်ကြမှာပါ။ လွန်ခဲ့ ၁၅ နှစ်က ကျန်စစ်မင်း ဇာတ်ကား ရိုက်ခဲ့တယ်။ ၁၅ နှစ်ကြာ စုဆောင်းလာတဲ့ အတွေ့အကြုံ ဗဟုသုတတွေက ပိုပြီးတော့ အသုံးတည့်မှာပါ။ ကျနော်တို့ကို Budget ကို ဝန်ကြီးက သုံးဖို့လိုတာ သုံးပါ။ ဖြုန်းတီးတာ မဖြစ်ပါစေနဲ့။ အဲ့အတွက် ကျနော်တို့ အားရှိပါတယ်”
“ကျနော်ကတော့ ဒီကားရိုက်တာ အနုပညာကြေးယူမှာ မဟုတ်ပါဘူး။ ကျနော် ဒီအလုပ်ကို တာဝန်ယူတာ နိုင်ငံသား တယောက်တာဝန်လိုပဲ နောက်အနုပညာသမား တယောက် ဒီကားကို ရိုက်ခွင့်ရတာနဲ့တင် ကျေနပ်နေတယ်ဆိုတာနဲ့တင် ဒီကားကို ရိုက်မှာပါ။ ရိုက်ကူးတည်းဖြတ်ရေး လုပ်ငန်းတွေကို ၂၀၁၉ ခုနှစ်အတွင်း အပြီးသတ် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ် မှာ ရုံတင်ပြသနိုင်အောင် ဆောင်ရွက်မယ်”လို့ လူမင်းက ပြောပါတယ်။
“ဒီကားကိုတော့ ပြည်သူတွေ မျှော်လင့်နေသလိုမျိုး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ရှင်ကို တကယ့်ကို ခန့်ခန့်ထည်ထည် ကြွားကြွားဝါဝါ ဖြစ်အောင် အဆင့်အတန်းရှိရှိ ဖြစ်အောင် အစ်ကို့ အနေနဲ့ တတ်နိုင်သမျှ ကြိုးစားပြီး ရိုက်ကူးသွားပါမယ်”လို့ လူမင်းက ဆိုပါတယ်။
ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် ရန်ပုံငွေလက်ရှိအထိ သိန်းပေါင်း ၁ သောင်း ၁ ထောင်ကျော်လောက် ရှိနေပြီး လိုအပ်တဲ့ ငွေကြေးကိုလည်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တာဝန်ယူ ပံ့ပိုးသွားမယ်လို့ သိရပါတယ်။