သမ္မတဟောင်း နာရေးကြောင့် ဂရမ်မီ ဆန်ခါတင်စာရင်း ထုတ်ပြန်မယ့်အချိန် နောက်ဆုတ်
(၆၁) ကြိမ်မြောက် ဂရမ်မီဆုဆန်ခါတင်စာရင်းကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ထားခဲ့ပေမယ့် အမေရိကန်သမ္မတဟောင်း George H.W. Bush ရဲ့ နာရေးအခမ်းအနားကြောင့် လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ ရောက်မှသာ ကြေညာဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။
ဆုရွေးချယ်ဖို့အတွက် ဆုအမျိုးအစားတွေကို အဲဒီနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ “CBS This Morning” ကနေ တိုက်ရိုက်ထုတ်လွှင့်ပြီး Apple Music ကနေလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
အဲဒီနောက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်မှာတော့ တေးသံသွင်း အကယ်ဒမီကနေ သတင်းစာထုတ်ပြန်ချက်မှတဆင့် ဆုအမျိုးအစား ၈၄ ခုလုံးကို GRAMMY.com နဲ့ အသံသွင်း အကယ်ဒမီက ကြေညာသွားမှာဖြစ်ပြီး အသံသွင်းအကယ်ဒမီရဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကနေ ကြေညာမှာဖြစ်ပါတယ်။
ရီပါဘလစ်ကန် သမ္မတဟောင်း Bush ဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အသက် ၉၄ အရွယ်နဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာ ပေးအပ်မယ့် ဂရမ်မီဆုပေးပွဲမှာတော့ General Field ဆုအမျိုးအစားထဲမှာ ဆန်ခါတင်စာရင်း ၈ ခုစီ ပါဝင်လာမယ်လို့ ပြီးခဲ့တဲ့ နွေကာလတုန်းက ကြေညာထားပါတယ်။
အကောင်းဆုံး မျက်နှာသစ် အနုပညာရှင်ဆု၊ အကောင်းဆုံး သီချင်းဆု၊ အကောင်းဆုံး အသံသွင်းယူမှုဆုနဲ့ တနှစ်တာအတွက် အကောင်းဆုံး အယ်လ်ဘမ်ဆုတို့ဟာ General Field ဆုတွေထဲမှာ ပါဝင်ပါတယ်။ ကျန်တဲ့ ဆုတွေကတော့ ဆန်ခါတင် ၅ ခုသာ သတ်မှတ်ဖော်ပြမှာ ဖြစ်ပါတယ်။ ဂရမ်မီ ဆုပေးပွဲကို လာမယ့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Ref: msn