အဆိုတော် Ariana Grande ရဲ့ အသည်းကွဲသီချင်းသစ် ‘thank u, next’ ဟာ ကြည့်ရှုသူသန်း ၁၀၀ ကို အမြန်ဆုံး ရောက်ရှိခဲ့တဲ့ ဂီတဗီဒီယိုဖြစ်လာခဲ့ကြောင်း ဗီဒီယို hosting ဝန်ဆောင်မှု Vevo က ပြောကြားခဲ့ပါတယ်။
ခင်ပွန်းလောင်း Pete Davidson နဲ့ လမ်းခွဲပြီးတဲ့နောက်ထွက်ရှိလာခဲ့တဲ့ အဲဒီ့ Single သီချင်းသစ်ဟာ သီတင်း ၃ ပတ်ကြာ Billboard ဇယားတွေမှာထိပ်ဆုံးရောက်ခဲ့ပြီး ၇ နှစ်သက်တမ်းရှိခဲ့ပြီဖြစ်တဲ့ Ariana ရဲ့ ဂီတသက်တမ်း တလျှောက်မှာ အအောင်မြင်ဆုံးကာလဖြစ်ခဲ့ပါတယ်။
‘Legally Blonde’ နဲ့ ‘Mean Girls’ ရုပ်ရှင်တွေထဲမှာလို အမျိုးသမီးတွေအတွက် ခွန်အားဖြစ်စေမယ့် ဇာတ်ဝင်ခန်းတွကို ထည့်သွင်းရိုက်ကူးထားတဲ့ အဲဒီဂီတဗီဒီယိုဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာဖြန့်ချိပြီးလေးရက်အတွင်းမှာပဲ ကြည့်ရှုသူ သန်း ၁၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။
နောက်ဆုံးတင်ထားတဲ့ စံချိန်ကတော့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဗြိတိသျှအဆိုတော် Adele ရဲ့ “Hello” ဂီတဗီဒီယိုဖြစ်ပြီး ထွက်ရှိပြီး သီတင်း ၅ ပတ်အကြာမှာ အဲဒီပမာဏကို ရရှိခဲ့တာဖြစ်ပါတယ်။
အဆိုတော် Ariana က “သန်း ၁၀၀ ရှိသွားပါတယ်။ အားလုံးကို ကျေးဇူးပါပဲ။ ကျမကို ချစ်ပေးကြတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” လို့ ဒီဇင်ဘာ ၄ ရက်နေ့၊ Twitter မှာ ပြောကြားခဲ့ပါတယ်။
အဲဒီဗီဒီယိုထဲမှာ ဆိုရင်တော့ ‘Legally Blonde’ မင်းသမီး Jennifer Coolidge, အဆိုတော် Troye Sivan နဲ့ Kris Jenner တို့ပါဝင်ခဲ့တာကိုမြင်တွေ့ရပါတယ်။ အဲဒီဂီတဗီဒီယို Ariana နဲ့ Davidson တို့လမ်းခွဲပြီး သီတင်း ၃ ပတ်အကြာမှာ ထွက်ရှိလာခဲ့တဲ့ သီချင်းဖြစ်ပါတယ်။
Ref: asiaone