Entertainment

ဘဝရဲ့ အပိုင်းအခြားတွေနဲ့ လူငယ်တယောက်အကြောင်း (သို့) Wake Up Sid (2009)

Want create site? Find Free WordPress Themes and plugins.

ဒီတခါမိတ်ဆက်ပေးမယ့်ရုပ်ရှင်ကတော့ ဒါရိုက်တာ Ayan Mukerji ရိုက်ကူးထားတဲ့ Comedy , Drama , Romance အမျိုးအစား ဘောလိဝုဒ်ရုပ်ရှင်တကားဖြစ်တဲ့ Wake Up Sid (2009) ပဲဖြစ်ပါတယ်။

သရုပ်ဆောင်တွေအနေနဲ့ Barfi မင်းသားဖြစ်တဲ့ Ranbir Kapoor ၊ Konkona Sen Sharma တို့အပြင် အခြားသော သရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်။

Mumbai မြို့ ကို နောက်ခံထားရိုက်ကူးထားပြီး အနာဂတ် အစီအစဉ်မရှိ ၊ အမြဲတမ်း ခပ်ပေါ့ပေါ့ နေထိုင်မှုနဲ့ ချမ်းသာတဲ့ ဆယ်ကျော်သက်ကောင်လေးတယောက် Sid Mehra အကြောင်းကို ပြသသွားမှာဖြစ်ပါတယ်။

တက္ကသိုလ်နှုတ်ဆက်ပါတီမှာ သူနဲ့ အမှတ်မထင်တွေ့ဆုံကြတဲ့ ကောင်မလေးကတော့ Aisha ဖြစ်ပြီး Kolkata ကနေ Mumbai ကို သူမရဲ့ အိပ်မက်အကောင်အထည်ဖော်ဖို့ တယောက်တည်း ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ သူမဟာ စာရေးဆရာတယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုချင်သူတယောက်ဖြစ်ပြီး Sid နဲ့တော့ တော်တော်လေး အနေအထိုင် အပြုအမူနဲ့ အတွေးအခေါ်ကွဲပြားတာကိုလည်း တွေ့ရှိကြရမှာဖြစ်ပါတယ်။

တက္ကသိုလ်နောက်ဆုံး စာမေးပွဲကျသွားတဲ့အခါမှာတော့ Sid တယောက် တော်တော့်ကို တုန်လှုပ်ချောက်ချားသွားခဲ့ပြီး သူ့ကိုယ်သူလည်း လက်ခံဖို့ ခက်ခဲနေခဲ့တာဖြစ်ပါတယ်။ အဲဒီကိစ္စကြောင့်ပဲ မိဘတွေနဲ့ စကားများရန်ဖြစ်ပြီး အိမ်ပေါ်ကဆင်းတဲ့ အခြေအနေအထိကို ရောက်ရှိသွားပါတော့တယ်။

ဒီလိုနဲ့ သူ့ရဲ့ သူငယ်ချင်းမလေး Aisha နေထိုင်ရာ တိုက်ခန်းကို ရောက်ရှိသွားပြီး သူ့ကို နေစရာနေရာတခုပေးဖို့ တောင်းဆိုခဲ့ပြီး Aisha ကလည်း အခန်းဖော်တယောက်အနေနဲ့ ခွင့်ပြုလိုက်တာပဲဖြစ်ပါတယ်။

မဂ္ဂဇင်းတခုမှာ လက်ထောက်အနေနဲ့ အလုပ်ရထားတဲ့ Aisha ဟာ တနေ့တာလုံး အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်နေခဲ့ရပေမယ့် Sid ကတော့ သူမရဲ့ စိတ်တိုင်းကျ ဖန်တီးထားတဲ့ အိမ်ခန်းလေးကို အမှိုက်တွေနဲ့ ရှုပ်ပွနေစေပါတယ်။

လုပ်ငန်းခွင်တွေဟာ ဘယ်သူ့အတွက်မှ အမြဲတမ်းအဆင်ပြေနေမှာမဟုတ်တဲ့အတွက်ကြောင့် တရက်မှာတော့ အဲဒီလို အခန်းကို ရှုပ်ပွနေစေတဲ့အတွက် Sid နဲ့ Aisha တို့ စကားများရန်ဖြစ်ကြပါတော့တယ်။

ကိုယ်ပိုင်ဘဝအတွက် အနာဂတ်အစီအစဉ်အပြင် လမ်းပျောက်နေတဲ့ လူငယ်တယောက်ကို အဓိကထားရိုက်ကူးထားသလို ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်အိပ်မက်ကိုယ် အကောင်အထည်ဖော်မယ့် လူငယ်တယောက်ကိုပါ ထည့်သွင်းရိုက်ကူး ထားတာပါ။

ပညာပေးလည်းမဆန်သလို ဘဝရဲ့ အပိုင်းအခြားတွေကို တစိတ်တပိုင်းသိသာစေအောင် ဖန်တီးထားတဲ့ ဒါရိုက်တာ Ayan Mukerji ရဲ့ Wake Up Sid ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading