သတ်ကွင်းဇာတ်ကားကြီးကို ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ Press Show ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်မင်းသွေးကလည်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
သတ်ကွင်းဇာတ်ကားမှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်ထားတဲ့ မင်းသွေးနဲ့ ပတ်သက်လို့ အမှတ်တရစကားသံများကို တက်ရောက်လာကြတဲ့ အနုပညာရှင်များက အခုလိုဆိုထားကြပါတယ်။
သက်မွန်မြင့်
သက်မွန် “သတ်ကွင်း”ဇာတ်ကားထဲမှာ စည်ဖြိုးရဲ့ ကောင်မလေးနေရာက ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူး ပေးထားပါတယ်။ ဒီကားကြည့်ပြီး ဘယ်လိုခံစားရလဲဆိုတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတယောက် သူအားခဲထားတာကို မြင်ခွင့်မရတော့ စိတ်တော့မကောင်းဘူးပေါ့။ လာပြီးတော့ ဝန်းရံပေးရတာပေါ့။ သူဖြစ်စေချင်တာလေး သူအားခဲထားတာလေး လာအားပေးရတာပေါ့။ သူတို့ ညီကိုနှစ်ယောက်လုံး သက်မွန်နဲ့ခင်ကြတယ်။ သူငယ်ချင်းတွေလည်း ဖြစ်တယ်။ သံယောဇဉ်လည်းရှိကြတယ်။
မင်းသွေးက သက်မွန် ဘာပွဲလုပ်လုပ်ရောက်အောင်လာတယ်။ သူငယ်ချင်းကို အားဖြည့်ပေးတယ်။ သူကပျော်ပျော်ပဲ နေတယ်။ ကိုနေတိုးက အနေအေးတယ်။ ရှုတင်ရှိလို့ ဒီလူတွေနဲ့ရိုက်ရတယ်ဆို အလုပ်လုပ်နေရတဲ့ စိတ်မရှိဘဲနဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ပင်ပန်းလို့ ပင်ပန်းမှန်းမသိရအောင်အမှတ်ရစေတဲ့ အမှတ်တရတွေပါ။
မင်းသွေးကို သတိရတာပေါ့နော်။ သူ့ကားလေးကို ဝန်းရံပေးတာတွေ့စေချင်တယ်။ ဒီကားလေးလည်း အများကြီး အောင်မြင်စေချင်တယ်။ သူအများကြီး အားခဲထားသလို အောင်မြင်ပါစေ။
ညီမင်းခိုင်
‘သတ်ကွင်း’ ကားက သူ့ပရိသတ်တွေအတွက် အလွမ်းပြေလေးပဲဖြစ်မှာပါ။ ‘သတ်ကွင်း’ကားကြောင့် ဖြစ်ရတယ်ဆိုတာကို လက်မခံဘူး။ ဗုဒ္ဓဘာသာတရားမှာရှိတယ်လေ။ ဖြစ်ချိန်တန်လို့ ဖြစ်တယ်လို့ဖြေရတာက ပိုပြီးငြိမ်းချမ်းစေတယ်။ ဟိုလိုတွေလိုက်တွေးနေရင် ဒီလိုလေးရေမသောက်ခဲ့ရင် ကောင်းမယ်။ ဒီလိုလေးမနေခဲ့ရင်ကောင်းမယ် ဆိုပြီး လျှောက်တွေးနေရင် ပြီးတော့မှာမဟုတ်ဘူး။ သူလောကကြီးကို စွန့်မသွားခင် လောကကြီးကို အကောင်းဆုံးတွေလုပ်ခဲ့တယ်။
နေ့တိုင်းစိတ်ထဲမှာတော့ သူမသေသေးဘူး။ အမြဲတမ်းအမှတ်တရတွေရှိနေတယ်။ သူနဲ့လျှောက်သွားတာတွေ ဖုန်းဆက်တွေ ရှိတော့ သတိတွေရနေတယ်။
သားငယ်
ကိုမင်းသွေးအတွက်လည်း ကြုံရင် ကြုံသလိုတော့ အလှူလေးတွေ လုပ်ပေးကြပါတယ်။ ကျနော်တို့ဖုန်းကြည့်ရင် သတိရတယ်။ ကျနော်တို့ သုံးယောက်ခွေတွက်လည်း သူမရှိတော့ အားမရှိဘူး။ သူရှိတော့ ဘာလုပ်လုပ်အားရှိခဲ့တယ်။
ဝိုင်းဝန်းပြီး လုပ်ပေးကြမယ်လို့လည်းပြောတယ်။ လက်မောင်းတဖက်ပြုတ်သလိုခံစားရတယ်။ သူရှိတုန်းက ဆိုအတက်ကြွဆုံးပဲ။ သုံးယောက်စလုံးအလုပ်လေးလည်းရှိနေတော့ သူမရှိတော့ သူ့ကို သတိရတယ်။ ကျနော်နဲ့ တမြို့တည်းသားဆိုပေမယ့် သိပ်မသိဘူး။ ပြိုင်ပွဲကနေအဆိုတော်ဖြစ်မှ ပိုရင်းနှီးတာ။ ကျနော်တို့ ဒီသတ်ကွင်းကားလေးကို တူတူကြည့်ပြီး သူ့အခန်းလာရင် လက်ခုတ်တွေတီးပြီးကြည့်ရမှာ။ အခုတော့ အရမ်းဝမ်းနည်းတယ်။
ဖော်ကာ
မင်းသွေးအရမ်းအားစိုက်ထားပြီး အင်တိုက်အားတိုက်လုပ်ထာတဲ့ ကားလေးထွက်လာတော့ ဝမ်းသာတယ်။ သူ့ကို မြင်စေချင်တယ်။ အရမ်းကြီးတော့ မပြောတတ်ဘူး။ သတိရနေတယ်။ သူ့ကို ရှိစေချင်တယ်။ ကျနော်မှတ်တမ်းရေး တာတောင် သူနဲ့ ပတ်သက်ပြီးပဲရေးခဲ့တယ်။
မျှော်လင့်ထားတာတွေထားခဲ့တာတွေထက် အတိုင်းထက်အလွန်လို့ရေးခဲ့တယ်။ ဒီကားကို သူဖြစ်ချင်တာတွေ အများကြီးပဲနားပူလောက်အောင် ကျနော့်ကိုပြောတယ်။
ဘယ်လိုလုပ်ထားရတာလို့ ပြောတယ်။ အဲ့ဒါတွေအမှတ်တရပဲပေါ့။ သေချာတာသူရှိရင် ကျနော်ဒီပွဲရောက်မှာ မဟုတ်ဘူး။ ကျနော် Press Show လာကြည့်တာ ပထမဆုံးပဲ။ သူနဲ့ အမှတ်တရတွေ အများကြီးပဲ။ သူဆုံးတဲ့ နေ့က ဆေးရုံကို ရောက်တော့အလောင်းမြင်မြင်ခြင်း ပါးစပ်ကနေ လွှတ်ခနဲ ဆဲမိသွားတယ်။ အဲ့ခဏတော့ ကျနော် တခုခုဖြစ်သွားတယ်။ ကျနော်အဲ့ကတည်းက မျက်ရည်မကျတော့ဘူး။ ဘယ်လိုကြီးမှန်းမသိဘူး။
နောက်ကျနော် သူ့အကောင့်ကို ခဏခဏဝင်ကြည့်နေတာ။ ကျနော် လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကမှ အခန်းတံခါးပိတ်ပြီး အော်ငိုလိုက်တယ်။ အဲ့ကျမှကျနော်သူသေတယ် ဆိုတာကို လက်ခံခဲ့တာ။
‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သားညီ ကိုယ်တိုင် ရိုက်ကူးထားပြီး မင်းသွေး၊စည်ဖြိုး၊ နေရဲ၊ ထူးခြားတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒါရိုက်တာ သားညီကိုယ်တိုင် ရိုက်ကူးပြီး သရုပ်ဆောင် မင်းသွေးပါဝင်ထားတဲ့ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားကြီးဟာ ဒီဇင်ဘာ(၁၄) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
သရုပ်ဆောင်အဆိုတော်မင်းသွေးကွယ်လွန်သွားခဲ့တာ အခုဆို (၂) လတိတိပြည့်လို့ သွားပါပြီ။